Pages

Tuesday, April 3

ဘုရားလှူ မလား ၊ မိဘမဲ့ ကလေးလှူမလား



ကျွန်တော်လည်း ဒီပိုစ့်လေး မဖတ်ခင်တုန်းက စဉ်းစားမိပါတယ်။ ဥာဏ်မမှီတာလည်း ပါတာပေါ့ဗျာ။  ဘုရားလှူတယ်ဆိုတာ လူပေါင်းများစွာ လှူကြတယ်။  မရှိဆင်းရဲသားတွေ လှူတာ နည်းကြတယ်။ လက်တွေ့နဲ့ နှိုင်းယှဉ်ပြီး ကြည့်လိုက်တော့ မရှိဆင်းရဲတဲ့ ကလေးတွေက အခုတကယ်လိုအပ်နေတာပေါ့။ သူတို့ကို လှူရင် ပိုကုသိုလ်ရမယ်လို့ ထင်ခဲ့မိတယ်။ ဒါပေ့မယ့် တကယ်တမ်းကျ အဲလိုမဟုတ်ဘူးဆိုတာကို ဒီပို့စ်လေး ဖတ်ပြီး သိလိုက်ရတော့တယ်။  တကယ်တမ်းတော့ လှူတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ မိမိရဲ့ သဒ္ဓါတရားပေါ် မူတည်ပြီး ကုသိုလ်အကျိုးထူးမယ်လို့လည်း ထင်မိပါတယ်။ စာရေးဆရာ ဘယ်သူမှန်းမသိလို့ နာမည်ထည့်မရေးမိတာ ဒီနေရာကနေပဲ တောင်းပန်အပ်ပါသည်။

စာရေးသူပေးလိုက်သော ခေါင်းစဉ်သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အင်မတန်စိတ်ဝင်စားစရာ ကောင်းမည့် အကြောင်းအရာတစ်ရပ်ဟုယုံကြသည်။ အဘယ်ကြောင့်ဆိုသော် လှူဒါန်းမှုနှင့် ပက်သက် ၍ အသိမှားအမြင်မှား သူများ ရှိနေခြင်းနှင့် အသိနည်းနေခြင်းများကြောင့်ဖြစ်သည်။ စာရေးသူတွင် ဘာသာခြားမိတ်ဆွေတစ်ဦး ရှိရာ သူမေးလာသော မေးခွန်းတစ်ခုရှိလပါသည်။ ၄င်းမှာ “မင်းတို့ဘာသာက ဘုရားတွေကျတော့ ရွှေသွားကပ်တယ်။ ဘုန်းကြီးကျောင်းတွေလှူဖို့ကို တစ်လတောင်ကြိုတင် ဘိုကင်ယူထားရတယ်။ မရှိဆင်းရဲကလေးတွေကျတော့ မလှူဘူး။ တောင်ဒဂုံ၊မြောက်ဒဂုံမြို့သစ်ဘက်တွေမှာ ကလေးတွေ မုန့်ဖက်ကို ငံပြာရည်နဲ့တို့စားနေကြတာကို ကော မလှူကြဘူးလား” ဟူ ၍ဖြစ်သည်။

ဤတွင် လှူဒါန်းမှုနှင့် ပက်သက်ပြီး စာဖတ်သူထဲမှ သိရှိလိုသူများရှိလာမည်ဟု ယုံကြည်သည်။ ခေါင်းစဉ်အရ ဘုရားလှူသည်ဟူခြင်းမှာ ဘုရား၊ ရဟန်းအားလုံးကို ဆိုလိုပြီး မိဘမဲ့ကလေးလှူသည်ဆိုခြင်းကို မရှိဆင်းရဲသား၊ ချို့တဲ့သူများဟု မှတ်ယူနိုင်ပါသည်။ လှူဒါန်းသော ဒါနအလုပ်သည် ထေရဝါဒဗုဒ္ဓဘာသာတွင် အရေးကြီးသော ကျင့်ကြံအားထုတ်ဖွယ် ပါရမီတစ်ခု ဖြစ်သည်။ ဒါန၊ သီလ၊ ဘာဝနာ ဟုရှိလေရာ ဒါနသည် လောဘ (လိုချင်တပ်မက်မှု) ကိုလျော့ကျစေသော အလုပ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်လောဘကို လျော့ကျစေသနည်း။ ရှင်းပါသည်။ လောဘဟူသော လိုချင်တပ်မက်မှုနည်းလျှင် ပူလောင်မှုနည်းသည်။ သောကနည်းသည်။ အကုသိုလ်နည်းသည်။ စသည်ဖြင့် ကောင်းကျိုးများစွာရရှိသည်။
ဒါနဟူသည် လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ ဝေငှခြင်း၊ ထောက်ပံ့ခြင်း၊ စွန့်ကြခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် သူတစ်ပါးချမ်းသာအောင် ကူညီသော အလုပ်ဖြစ်သည်။ သို့သော် သူတော်ကောင်း အလှူမျိုးဖြစ်အောင် ကြိုးစား လှူတတ်ရမည်။

သူတော်ကောင်းအလှူ ၅ မျိုးရှိသည်။
၁။ သဒ္ဓါဒါန ။ ။ ကံ၊ကံ၏ အကျိုးတရားကို ယုံကြည်ပြီး လှူဒါန်းခြင်း
၂။ သက္ကစ္စဒါန။ ။ ရိုရိုသေသေ၊ ကောင်းကောင်းမွန်မွန်ပြုပြင် လှူဒါန်းခြင်း
၃။ အသိဒ္ဓိယဒါန။ ။ သင့်လျော် လျောက်ပတ်သော အချိန်အခါ၌ လှူဒါန်းခြင်း
၎။ အနုဂ္ဂဟ ဒါန။ ။ အလှူခံပုဂ္ဂိုလ်ကို ချီးမြှောက် ၍ လှူဒါန်းခြင်း
၅။ အနုပဃာတဒါန။ ။မိမိဂုဏ်၊ သူတစ်ပါးဂုဏ်ကို အစွန်းအငြိ၊ ထိခိုက်မှု မရှိပဲ လှူဒါန်းခြင်း
တို့ဖြစ်သည်။

ဤတွင် ဗုဒ္ဓဘာသာဝင်တို့ အသိနည်းသော တစ်ချက်မှာ အသိဒ္ဓိယဒါန ဖြစ်သည်။ သင့်လျော်လျောက်ပတ်သော အချိန်အခါ၌ လှူဒါန်းခြင်း ဟူသည့် အချက်ဖြစ်သည်။ ပြည့်နေသော အိုးကို ရေထပ်ဖြည့်လျှင် လျှံကြရုံသာရှိသည်။ ထိုသို့ ဆုံးရှုံးစေမည့်အစား ထိုရေကို လိုအပ်နေသော အိုးမျာသို့ လိုက်လံဖြည့်တင်းလျှင် အကျိုးကျေးဇူးရရှိချေသည်။

ထိုနည်းတူစွာပင် ဗုဒ္ဓဘာသာဝင် ငွေကြေးရှင်အချို့သည် အလှူဒါနပြုလုပ်ရာတွင် ထိုကျောင်းကိုမှ၊ ထိုရဟန်းကိုမှဟူ၍ စွဲလမ်းကြရာ ပိုလျှံနေသည့် ကျောင်းတိုက်များကို ပိုလျှံပြီး ဆင်းရဲနွမ်းပါးသော ရဟန်းကျောင်းတော်များက ဆင်းရဲရသည်။ ဥပဃာတဒါန မည်သော မိမိဂုဏ်၊ သူတစ်ပါးဂုဏ်ကို စွန်းငြိထိပါ ၍ လှူဒါန်းမှုများကြောင့် ဗုဒ္ဓဘာသာမှာ အများအထင်မြင်သေးစရာဖြစ်လာရသည်။

သို့သော် ရဟန်းကိုလှူလျှင် ရသည့်အကျိုးနှင့် ပုထုဇဉ်ကိုလှူလျှင်ရသည့်အကျိုးတို့မှာ များစွာ ကွာခြားနေသေး သည်။ ယင်းအချက်ကြောင့်လည်း ရဟန်းကိုသာလှူမည်ဟု ယုံကြည့်ကြလေသူများ ရှိလာခြင်း ဖြစ်သည်။ မှန်ပါသည် ရဟန်းကို လှူခြင်းသည် ပုထုဇဉ် တို့ကို လှူခြင်းထက်များစွာ အကျိုးထူးပါသည်။ ရဟန်းတစ်ပါးကို လှူလျှင် မည်သို့မည်ပုံအကျိုးပြုမည်၊ ဘဝပေါင်းမည်မျှအကျိုးပေးမည် ဟူ၍ ရှိသည်။ သာမန် ပုထုဇဉ် လူ (သို့မဟုတ်) သတ္တဝါတို့ကို လှူလျှင် မည်မျှသာ အကျိုးပြုမည်၊ ဘဝပေါင်းမည်မျှသာ အကျိုးပေးမည် ဟူ၍ရှိနေသည်။

အဘယ်ကြောင့်နည်း။ မှန်ပါသည်။ ရဟန်းတို့ဟူသည် လူပုဂ္ဂိုလ်တို့နှင့်မတူ။ ရဟန်းတစ်ပါးဟောသော တရား သည် တရားတစ်ပွဲတွင် လူပေါင်း တစ်ရာကျော် နာယူရလျှင် ထိုလူပေါင်း တစ်ရာကျော် ကုသိုလ်ထူးရသည်။ နေ့စဉ်ဟောပြောပြသသဖြင့် ဗုဒ္ဓဘာသာရပ်ဝန်းကြီး တည်မြဲရသည်။ ကမ္ဘာစောင့်တရား နှစ်ပါးဖြစ်သော အရှက်တရားနှင့် အကြောက်တရားများ တည်မြဲရသည်။ လောကကို အေးချမ်းစေသည်။ ဟောပြညွန်ပြ၊ သင်ကြားပေးသော တရားတော်များကြောင့် ဗုဒ္ဓဘာသာယနေ့တိုင် တည်မြဲနေရခြင်း ဖြစ်သည်။ ထို့ကြောင့် တရားပြ ဘုရားသားတော်များဖြစ်သည့် ရဟန်း၊သံဃာတို့သာ အဘက်ဘက်မှ လှူဒါန်းထောက်ပံမှုမရှိလျှင် သာသနာအကျိုးရွက်သယ်ပိုးနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် လှူကိုလှူဒါန်းရမည်ဖြစ်သည်။ ထို့ကြောင့်ပင် ရဟန်းတို့ကို လှူရသည့် အာနိသင် များလှခြင်း ဖြစ်သည်။ လောကကို အေးချမ်းစေခြင်း ဖြစ်သည်။ဒ

ဘုရား၊ ပုထိုး တို့ကို ရွှေကပ်ခြင်း၊ လှူဒါန်းခြင်းတို့သည်လည်း ဗုဒ္ဓဘာသာဝင်တို့ သာသနာကို မည်မျှ အလေးထားသည်၊ သဒ္ဒါတရားမည်မျှထက်သန်သည် ကိုဆိုလိုသည်။ ဗုဒ္ဓဘာသာဝင်တို့ မိမိတို့ဘာသာကို မည်မျှယုံကြည်၊ မြတ်နိုး၊တန်ဖိုးထာသည်ကို ပြသသည်။ ဘုရားလှူသည်ဟု အမှတ်ဖြင့် လှူဒါန်းခြင်း ဖြစ်ရာ အကျိုးပေးထူးလှသည်။ သာသနာကို လှပစေသည်။ တည်တံ့စေသည်။ ပြန့်ပွားသည်။

တိရစ္ဆာန်တစ်ကောင်ကို လှူဒါန်း၊ ကျွေးမွေးသည် ဆိုပါစို့။ ထိုတိရစ္ဆာန်သာ ကောင်းကျိုးချမ်း သာရသည်။ ယင်းကောင်းကျိုးချမ်းသာ ဆက်လက်မပြန့်ပွားပေ။ လူကိုလှူလျှင် သူတော်ကောင်းဖြစ်လျှင် ပြန့်ပွားသည်။ (ဥပမာ-မိမိလှူဒါန်းထောက်ပံ့လိုက်သော ကလေးငယ်တစ်ဦးသည် တစ်နေ့ဆရာဝန်ဖြစ်မည်ဆိုလျှင် လူပေါင်းမျာစွာ အသက်ကို ကယ်တင်ပေလိမ့်မည်)။ မသူတော်ဖြစ်လျှင် မပြန့်ပွား။ တစ်ဦးတစ်ယောက်သာ အကျိုးထူးမည်။ အကျိုးရလဒ် အားနည်းသည်။ အလှူအကျိုးနှင့် ပက်သက်ပြီး ရှင်းလင်းလျှင် မဖတ်နိုင်လောက် အောင်ပင်များပြားလာချေလိမ့်မည်။

ထို့ကြောင့်ပင် ဆင်းရဲချို့တဲ့သူတို့ကို လှူဒါန်းခြင်းထက် ရဟန်းတို့ကို လှူဒါန်းနေကြခြင်း ဖြစ်သည်။ အမှန်စင်စစ် ထိုသို့ ထိုးထွင်းသိမြင်ပြီး လှူဒါန်းခြင်းထက် ဂုဏ်ရှိန်အရ ထိုရဟန်း၊ ထိုကျောင်း လှူဒါန်းကြသူများရှိ နေပေသည်။ ထို့ကြောင့် ကျောင်းတစ်ကျောင်းလှူဒါန်းရန် စီတန်းနေကြခြင်းဖြစ်သည်။ အချို့မှာမူ ငယ်ဘဝကတည်းက ဒီကျောင်းလှူလာဒါ။ အခုလည်း ဒါပဲလှူမယ်၊ နောက်လည်း ဒါပဲလှူမယ် ဟု စွဲလမ်းသူများ ရှိတတ်သေးသည်။

ရဟန်း၊ ဘုန်းတော်ကြီးတို့ဘက်က တွေးကြည့်ကြပါကုန်။ မည်သည့်ရဟန်း၊ ဘုန်းကြီးတို့မှ မိမိတို့ကိုမလှူဒါန်းနှင့်ဟု ဆိုသူ ရှိမည်နည်း။ ရဟန်းတို့ဟူသည် သဒ္ဓါအလျောက် လှူဒါန်းလာကြသော ဒကာတို့ကို သဒ္ဓါပျက်ရန် မပြုအပ်ချေ။ ထိုနည်းတူ ရဟန်းတို့သည် လှူသူရှိမှ အသက်ရှင်ရခြင်းဖြစ်သည့်အတွက်၊ သာသနာအကျိုးသယ်ပိုးရခြင်းဖြစ်သည့်အတွက် လှူဒါန်းသူတို့ကို မတားမြစ်ချေ။ သို့ရာတွင် လှူဒါန်းရာတွင် ရဟန်းသို့လှူလျှင် အကျိုးထူးသည်ဟူသော လောဘဖြင့်လှူလျှင် အကျိုးသာမဲ့ချေအုံးမည်။ လိုချင်ဆန္ဒဖြင့် လှူဒါန်းသော ကုသိုလ်အမှုဟူသမျှသည် အကျိုးပေးအားနည်းချေမည်။

မလှူခင် (ပုဘ)၊ လှူနေစဉ် (မုစ္မ)၊ လှူဒါန်းပြီး (အပရ) တွင် စိတ်ကြည်လင်နေရပြီး ဥာဏ်နှင့် သိမြင်လှူဒါန်းမှသာ မြင့်မြတ်သော၊ မွန်မြတ်သော မဟာကုသိုလ်အလှူမျိုးဖြစ်ရသည်။  သို့ရာတွင် မိဘမဲ့ကလေးများ၊ မရှိဆင်းရဲသားများကို ဆင်းရဲဒုက္ခများမှ လွတ်မြောက်စေခြင်းငှာ ကိုယ်ချင်းစာ မေတ္တာတရားဖြင့် လှူဒါန်းခြင်းမှာလည်း မွန်မြတ်သည့် အလှူဒါနဖြစ်သည်။ ဘုရားလှူမှ ကုသိုလ်ရသည်ဟု မစွဲလမ်းရာ။ လှူဒါန်းစဉ်တွင် ထားရှိသော သဒ္ဒါတရားက အဓိကမဏ္ဍိုင်ဖြစ်လေရာ စိတ်ထားမှန်ကန်စွာ ပြုသော လှူဒါန်းမှမှန်သမျှ အကျိုးပေးထက်သန်ရသည်။

ရဟန်းလည်းလှူပါ။ မရှိဆင်းရဲလည်းလှူပါ။ မေတ္တာငတ်နေသော မိဘမဲ့ ကလေးငယ်များကိုလည်းလှူပါ။ မည်သည်မှ အစွန်းရောက်လျှင်မကောင်းပေ။ ဗုဒ္ဓမြတ်စွာဘုရားမှ အလယ်အလတ်လမ်းစဉ်လိုက်နာကျင့်သုံးရန် ဟောပြလမ်းညွန်ထားပေးသည်။
ရွှေဂုံတိုင်ရှိ ကလေးငယ်များသည် စာဖတ်သူကိုမြင်သောအခါ လက်နှစ်ဖက်မြောက်ပြပြီး ငိုသည်။ မုန့်ကျွေးသည် မစား၊ အရုပ်ပေးသည် မယူ။ နောက်ဆုံး ကလေးအား ရင်ခွင်ထဲ ထည့်၍ ချော့သိပ်လိုက်ခါမှ အငိုတိတ်ရသည်။ စာရေးသူ ကျွန်တော် ရင်ထဲတွင် စို့နင့်သွားရသည်။ မေတ္တာငတ်နေသော ကလေးများကို မြင်ပြီး မျက်ရည်မကျပဲမနေနိုင်။ မိဘရှိသော မိမိတို့အနေဖြင့် မိဘမေတ္တာကို မည်သို့မည်ပုံ နားလည်ရမည်ကို ထိုကလေးများအား မြင်မှ သိလာရသည်။

အနှစ်ချုပ်ဆိုရသော် စာဖတ်သူတို့ အလှူဒါနပြုရာတွင် သဒ္ဒါတရားမှန်ကန်စွာ လှူဒါန်းစေလိုသည်။ မှန်ကန်သော အသိရှိစေလိုသည်။ သာသနာ တည်တံ့အောင်၊လောကအေးချမ်းအောင် ရဟန်းတို့ကိုလှူဒါန်းစေလိုသည်။ မရှိဆင်းရဲနှင့် မိဘမဲ့ ဆင်းရင်းနွမ်းပါးသူများကို ကိုယ်ချင်းစာတရားဖြင့် (မေတ္တာဓာတ်) ဖြင့်လှူဒါန်းစေလိုသည်။ အလှူမှန်သမျှ ထက်သန်သော သဒ္ဒါပါလျှင် အကျိုးပေးလည်း ထက်သန်လှသည်။ သာသနာကို တည်တံ့အောင်လှူခြင်း၊ ကမ္ဘာတည်တံ့အောင်၊ မရှိဆင်းရဲတို့ကို မေတ္တာသဒ္ဒါဖြင့် လှူခြင်းတို့ဖြင့် နိဗ္ဗာန်ရောက်ရာ အထောက်အပံ့ဖြစ်နိုင်ကြပါစေ။

3 comments:

  1. အမကတော့လှူရင်မျှတအောင်လှုပါတယ် အစွဲမထားတတ်ဘူး
    လိုအပ်တဲ့နေရာလှူဖြစ်တယ်..ပိုစ့်လေးအတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete
  2. ကောင်းတယ်အစ်ကိုရေ....ဒီအလှူကိစ္စကလည်းအဲလို ဖြစ်ဖြစ်နေတတ်တာဗျ...ပြောတာလည်းခဏခဏကြားဘူးပါတယ်.....လှူတယ်ဆိုတာ ကောင်းတဲ့အလုပ်ဘဲ....လှူတဲ့သူနဲ့ အလှူခံတဲ့သူ အကျိုးဖြစ်အောင် လှူနိုင်တာ အကောင်းဆုံးပေါ့ဗျာ.....ဘာပဲဖြစ်ဖြစ် အလှူဆိုတာ ကောင်းတာချည်းပါဘဲ....ကျေးဇူးတင်တယ် အစ်ကိုရေ........

    ReplyDelete
  3. ကျွန်တော်လည်းကြိုက်တယ်.အကိုရှင်းပြမှပဲကောင်းကောင်းနားလည်တော့တယ်။ကိုမှုးသော်အရမ်းတော်တယ်ဗျ။ကျွန်တော်ခင်ဗျားကိုလေးစားတယ်။အခုလို လူသားတွေကို အသိလင်းထွန်းပေးတဲ့ကိုမှုးသော်တယောက်ကိုကျန်းမာစိတ်ချမ်းသာပါစေဗျာ။

    ReplyDelete