Pages

Saturday, September 1

ဘုန်းကြီးကျောင်းဝန်းတွင် ဖိနပ်စီးကောင်းပါသလား



မေး။ ။ အရှင်ဘုရား ဘုန်းကြီးကျောင်းဝင်းတွင်         ဖိနပ်စီးသင့်မစီးသင့်ကို တပည့်တော်တို့ လူသားများ အနေဖြင့် ငြင်းခုန်      မှုတွေ အမျိုးမျိုးဖြစ်နေ   ကြပါတယ်။ တချို့ကလည်း စီးလို့ရတယ်ဆိုပြီး စီးကြတယ်။ တချို့ကလည်း                      မစီးသင့်ဘူးဆိုပြီး               မစီးကြဘူးဘုရား။ အထူးသဖြင့်တော့ လူငယ်ပိုင်းတွေကဘုန်းကြီးကျောင်း              ၀င်းမှာ ဖိနပ်ချွတ်ရလို့ဆိုပြီး ဘုန်းကြီးကျောင်းကို သွားရမှာ အတော်ဝန်လေးပြီး ရှောင်နေကြတယ်ဘုရား။ အဲဒါ အရှင်ဘုရားအနေဖြင့် တက်နိုင် သလောက်       ဖြေကြားပေး                        ပါ ရန်                        လျှောက်ထားလိုက်ပါတယ်ဘုရား။


ဖြေ။ ။ အဲဒါနဲ့ပတ်သတ်ပြီး စာရေးသူတို့ ဗုဒ္ဓဘာသာလူမျိုးများတွင် အတော်လေးကို သံသယဖြစ်နေကြတာ တွေ့ရပါတယ်။ ရှေးရှေးသော လူကြီးများက ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်မစီးကြနဲ့။ ဗိမ္ဗိသာရမင်းကြီးကဲ့သို့ ခြေဖ၀ါးကို ဓါးနဲ့ခွဲခံရမယ်ဆိုပြီး ပြောဆိုခဲ့တာကြောင့် ဗုဒ္ဓဘာသာဝင်များ ဖိနပ်မစီးရဲကြပေ။ သို့သော် ဗိမ္ဗိသာရမင်း အဘယ့်ကြောင့် ခြေဖ၀ါးကို ဓါးနဲ့အခွဲခံရသည်ကိုတော့ သေချာကျနစွာ သိရှိနားလည်သူက နည်းပါးလှပါတယ်။
တကယ်တော့ ဗိမ္ဗိသာရမင်းဟာ ဘုန်းကြီးကျောင်းဝင်းထဲတွင် ဖိနပ်စီးခဲ့လို့ ခြေဖ၀ါးကို ဓါးနဲ့ခွဲခံရတာ မဟုတ်ပါဘူး။ ဘုရားစေတီတော်ရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်း၊ ရဟန်းသံဃာများ သီတင်းသုံးနေထိုင်ရန် ခင်းထားတဲ့အခင်းပေါ် ခြေဆေးခြင်းမရှိဘဲ ညစ်ပေတဲ့ခြေထောက်နဲ့ နင်းခဲ့ခြင်းအကုသိုလ်ကံကြောင့် ယခုမျက်မှောက်ဘ၀တွင် ခြေဖ၀ါးကို ဓါးနဲ့ခွဲခံရတာပါ။
စာရေးသူတို့ ဗုဒ္ဓဘာသာများဟာ တကယ်အလေးထားရမည်ကို အလေးမထားဘဲ မဖြစ်စလောက်လေးကိုတော့ အလေးထား ပြုလုပ်လိုက်နာကျင့်သုံးလေ့ ရှိကြပါတယ်။ တကယ်စဉ်းစားကြည့်ရင် ဘုန်းကြီးကျောင်းပေါ်တွင် ဖိနပ်မစီးဘဲ ညစ်ပေတဲ့ခြေထောက်နဲ့ တက်ရင်သာ သံဃိကကျောင်း ညစ်ပေလို့ အပြစ်ရှိပါတယ်။  ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးရင် အပြစ်ရှိတယ်ဆိုလို့ လိုက်နာကြသော်လည်း ကျောင်းဝင်းအတွင်း တံတွေးထွေးခြင်း၊ ကျင်ကြီးကျင်ငယ်စွန့်ခြင်း၊ အမှိုက်ပြစ်ခြင်းစတဲ့ ကျောင်းဝင်းညစ်ပေစေတဲ့အမှုကိစ္စကိုများတော့ အလွယ်တကူ ပြုလုပ်နေကြတာကို တွေ့နေရပါတယ်။ ဘုန်းကြီးကျောင်းဝင်းသန့်ရှင်အောင်၊ ရဟန်းသံဃာများရှေ့ ရိုရိုသေသေဖြစ်အောင်ဆိုပြီး ဖိနပ်တော့ မစီးကြပါဘူး။ ဒါပေမဲ့ ကျန်တဲ့ညစ်ပေတဲ့အရာများကို ပြုလုပ်မယ်ဆိုရင် ဘယ်ကြည့်ကောင်းပါမလဲနော်။ တကယ်စဉ်းစားကြည့်ရင် ဘာကိုပြုလုပ်တာက ပိုအပြစ်ကြီးမယ်ဆိုတာ သိနိုင်လိမ့်မယ် ထင်ပါတယ်။

 ဒါပြင် ခြေလျင်သွားရင်တော့ ဖိနပ်မစီးရဘူးဆိုလို့ လိုက်နာတယ်ထားပါဦး။ ကျောင်းထဲကို ကားဆိုင်ကယ်စက်ဘီးနဲ့ ၀င်တဲ့အခါကျတော့ ဘာဖြစ်လို့ ဖိနပ်စီးပြီး ၀င်နေကြတာလဲ။ တကယ်လို့သာ ကျောင်းဝင်းအတွင်း ဖိနပ်စီးလို့ အပြစ်ရှိမယ်ဆိုရင် ကားစတဲ့ ယာဉ်များပေါ်တွင် ဖိနပ်စီးပြီး ကျောင်းသို့ဝင်ရင်လည်း အပြစ်ရှိပါလိမ့်မယ်။ ဒါကြောင့် လိုက်နာမယ်ဆိုရင်လည်း အားလုံးကို လိုက်နာပါ။ မလိုက်နာဘူးဆိုရင်လည်း ကျောင်းဝင်းညစ်ပစ်စေတာမျိုးတော့ မလုပ်ဘဲနဲ့ ဖိနပ်လောက်တော့ စီးကြပေါ့လေ။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက မဟာရာဇာအမည်ရှိတဲ့မင်းဟာ သံဃာတော်များ စကြံကြွနေသည့်နေရာတိုင်အောင် ဖိနပ်စီးသွားခဲ့ပါတယ်။ သံဃာတော်များရှေ့ရောက်တဲ့အခါတွင် ဘုရားရှင် အဘယ်မှာ သီတင်းသုံးနေသလဲလျှောက်တဲ့အခါ သံဃာတော်များက ဘုရားရှင် ကျောင်းပေါ်တွင် သီတင်းသုံးနေတော်မူတယ်လို့ လမ်းညွှန်ပေးလိုက်ပါတယ်။ အဲဒီလို ဘုရားရှင်ရှိရာကိုသိပြီး ကျောင်းပေါ်သို့တက်ခါနီးမှသာ ဖိနပ်ချွတ်ခြင်း၊ မင်းဝတ်တန်ဆာများ ချွတ်ထားခြင်းတို့ကို ထောက်ဆကြည့်မယ်၊ ဗိမ္ဗိသာရမင်းဟာ ဘုရားရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်း၊ သံဃာတော်များ သီတင်းသုံးရန်အတွက် ခင်းထားတဲ့အခင်းပေါ်တွင် ညစ်ပေတဲ့ခြေထောက်နဲ့ နင်းခဲ့ခြင်းကြောင့် ခြေဖ၀ါးဓါးခွဲခံရခြင်းတို့ကို ထောက်ဆကြည့်မယ်ဆိုရင် ကျောင်းဝင်းအတွင်း တလင်ပြင်ပေါ်ဝယ် ဖိနပ်စီးနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမဲ့ ဘုရားဝင်းအတွင်းနှင့် စေတီရင်ပြင်ထက်မှာတော့ သံဃာများပင် မစီးရတာကြောင့် လူများစီးဖို့ဆို ပိုဝေးပါတယ်။
မိထွေးတော်ဂေါတမီနှင့် မင်းသမီးငါးရာတို့ ဘိက္ခနီဝတ်ရန် ကျောင်းတော်သို့သွားတဲ့အခါ ဘုရားရှင်ကို အရိုအသေ ကင်းမဲ့ရာရောက်မည်စိုးလို့ဆိုပြီး ယာဉ်ရထားမစီးဘဲ ခြေလျင်သွားခဲ့ကြပါတယ်။ အဲဒီတော့ မိမိတကယ် ရတနာသုံးပါးကို ရိုသေလေးစားပါက ဖိနပ်၊ ယာဉ်မစီးဘဲ ကျောင်းဝင်းသို့ဝင်ရင်တော့ ပိုကောင်းပါတယ်။ သို့သော် ကျောင်းပေါ်၊ ဘုရားရင်ပြင်ပေါ်သို့ တက်မည်ဆိုရင်တော့ ခြေဆင်းပြီးမှ တက်ပါလေ။ မိမိရဲ့ကျန်းမာရေးကြောင့် ရတနာသုံးပါးကို ရိုသေလေးစားသော်လည်း မလွဲသာတဲ့အခြေအနေဖြစ်နေရင်တော့ သံဃာတော်များထံ ခွင့်တောင်ပြီး ကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်း၊ ယာဉ်စီးခြင်းများ ပြုလုပ်နိုင်ပါတယ်။
ယခုခေတ် လူငယ်များဟာ များသောအားဖြင့် ဘုန်းကြီးကျောင်းများတွင် ဖိနပ်ချွတ်ရမယ်ဆိုတာကို ၀န်းလေးနေကြပါတယ်။ ဖိနပ်ချွတ်ရမှာစိုးလို့ဆိုပြီး တချို့ဆိုရင် ဘုန်းကြီးကျောင်းကိုပင် မသွားချင်ကြပေ။ သူတို့ခြေထောက် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေကြတယ် ထင်ပါဘိ။ အဲဒီတော့ ဘုန်းကြီးကျောင်းမှာ ဖိနပ်ချွတ်ရမှာစိုးလို့ဆိုပြီး မသွားဘဲနေတာစာရင် ဖိနပ်စီးသွားပြီး ကောင်းမှုလုပ်တာက ပိုမိုအကျိုးရှိတဲ့အတွက် ဖိနပ်ချွတ်ရမှာပျင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့တော့ ကောင်းမှုကုသိုလ်မလုပ်ဘဲ မနေလိုက်ပါနဲ့။ အဲဒီလို ကောင်းမှုကုသိုလ်များ မလုပ်ဖြစ်ပါက မိမိအတွက် သံသရာမှာ မျက်နှာငယ်လေးဖြစ်ပြီး ဒုက္ခပင်လယ် ကျော်ဖြတ်နေရပါဦးမယ်။ ဒါကြောင့် မိမိတို့အဓိကထားရမည့်အရာနဲ့ သာမညထားရမည့်အရာတို့ကို သေချာကျနစွာ လေ့လာလိုက်စားပြီး လိုက်နာကျင့်သုံးနိုင်အောင် ပြုလုပ်ကြပါလို့ တိုက်တွန်းရင်း ဤမျှနဲ့ပင် နားပါရစေ။ ဆက်လက်တင်ပြနိုင်အောင် အမြဲကြိုးစားလျက်.................။
 
ဆရာတော် ဆန်နီနေမင်း

http://www.sanninaymin.com/2011/12/blog-post_08.html

No comments:

Post a Comment