ဒီပို့စ်လေးကို ဖတ်မိသော စာဖတ်သူများ အနေဖြင့် အသိတရားတစ်ခုခုကို ရသွားမယ်လို့လည်း မျှော်လင့်ပါတယ်။ကျွန်တော်အရမ်းကြိုက်လို့ မူရင်းအတိုင်းပြန်တင်ပေးလိုက်ပါတယ်။
ဤဆောင်းပါးသည် အတတ်ပညာ သင်ကြားလေ့လာ နေကြသော လူငယ်၊ လူရွယ်၊ ပညာရှင်၊ ပညာသင် တို့ အကျိုး အတွက် ရည်ရွယ် ပါသည်။လောက ၌ အတတ်မျိုးစုံတို့ ရှိကြပါသည်။ ကောင်းသော အတတ်ပညာများ ရှိသလို၊ မကောင်း သော အတတ်ပညာ များလည်း ရှိနေကြ၏။ဤနေရာတွင် အတတ်၊ နှင့် ပညာကို ခွဲခြား နားလည်ရန် သာဓက တို့ဖြင့် ပြဆောင် ရှင်းလင်း ပေးပါမည်။ဇာတ်တော် တစ်ခုတွင် မြေခွေး တစ်ကောင် သည် အခြားသော တိရစ္ဆာန်များကို ခိုင်းစေ ထိမ်းကျောင်း နိုင်သော ပထ၀ီ ဇယ မန္တန်ကို အကြောင်း ကြုံကြိုက်၍ တတ်မြောက်သွား၏။ ထို့နောက် ထိုမြေခွေးသည် သူ၏ တစ်သက်တွင်ပင် မော်၍ ပင် မကြည့်ရဲသော ခြင်္သေမင်း တို့ကိုပင် အမိန့်ပေး စေခိုင်း နိုင်ခြင်းဖြင့် - အတိုင်းအဆ မဲ့သော တန်ခိုး စွမ်းအားကို ရပြီဟု ယုံကြည်ကာ ဗာရာဏသီပြည်ကို စစ်ပြုရန်ပင် ကြိုးစားခဲ့၏။ထိုအတတ်၏ စွမ်းအားကြောင့် အတိုင်းအတာ တစ်ခုအထိ တန်ခိုး အာဏာ ကြီးထွား ခဲ့သော်လည်း၊ ကျိုးကြောင်း ဆက်စပ် တွေးခေါ် နိုင်သော ပညာ ကင်းမဲ့မှုကြောင့် ထိုမြေခွေးသည် သေဆုံး ပျက်စီးခဲ့ရ၏။ထိုနည်းတူ- သေသော သတ္တ၀ါတို့ကို ပြန်လည် အသက်ဝင်စေသော မန္တန်ကို တတ်ရာမှ ကျားသေ ကို အသက်သွင်းမိသဖြင့် မိမိအား ပြန်လည် သတ်ဖြတ်ခြင်း ခံရသော ပုဏ္ဏား လုလင် ငယ် အကြောင်း၊ ရတနာ ရွှေမိုး ငွေမိုး ရွာစေသော မဟာ ဝေဒဗ္ဗ မန္တန်ကို တတ်သော်လည်း၊ အခြေအနေ အချိန်အခါကို နားလည်နိုင်သော ပညာဥာဏ် ကင်းမဲ့သော ကြောင့်- ဓါးပြ တို့လက်တွင် အသက်ဆုံးခဲ့ရသော လုလင် အကြောင်း တို့ကိုလည်း ဗုဒ္ဓဘာသာဝင် မြန်မာ လူငယ်တို့ ကြားဖူးကြမည် ထင်ပါသည်။အတတ်သည် - သာမာန် အတတ်ကို တတ်မြောက်ခြင်းဖြင့် အနိမ့်ဆုံး အဆင့် စားဝတ် နေရေးကို ပေး၏။ ထူးခြား ထက်မြက်သော အတတ်ကို တတ်မြောက်ခြင်းဖြင့် တန်ခိုး အာဏာ ကြီးထွား စေမှုကို ပေး၏။ လွန်စွာ ထူးခြားသော အတတ်ကို တတ်မြောက်ခြင်းဖြင့် - လွန်စွာ ထူးခြားသော ဘုန်းတန်ခိုး စွမ်းရည် သတ္တိတို့ကို ပေး၏။လူ့လောကတွင် နေ့စဉ်နှင့် အမျှ အတတ်မျိုးစုံတို့ကို မြင်တွေ့ရ၏။ ထမင်း၊ ဟင်း ချက်ခြင်း၊ မုန့်လုပ်ခြင်း၊ ဘာသာစကား ပြောဆိုခြင်း တို့ မှ စ၍၊ ကွန်ပျူတာ အသုံးပြုခြင်း၊ ကွန်ပျူတာ ပြင်ဆင်ခြင်း စသည်တို့ အထိ အဆင့်မြင့်မားသော အတတ်ပညာ များစွာတို့မှာ နေ့စဉ် ကြုံတွေ့ နေရသော အတတ်များ ဖြစ်ပါ၏။သို့သော် အတတ်သည် ပညာ မဟုတ်ပါ။ သို့ဖြစ်သော်လည်း- အတတ်သည် ပညာနှင့် သီးခြား လည်း ဖြစ်မနေပါ။ အတတ်၏ နောက်ကွယ်တွင် - အကျိုးအကြောင်းတို့ကို ဆက်စပ်သော၊ ဆင်ခြင် နိုင်စွမ်းသော ပညာတို့ရှိ၏အတတ် တို့သည် ပညာမှ စီးဆင်း လာကြသလို- အတတ်တို့ကို ကျိုးကြောင်း ဆက်စပ်ခြင်း၊ ပြန်လည် စိစစ်တွေးခေါ်ခြင်း၊ တို့မှလည်း ပညာကို ပြန်လည် ရရှိနိုင်၏။ဥပမာ- မော်တော်ကားကို သီအိုရီ ဖြင့် တွက်ချက် ဒီဇိုင်းဆွဲသော ပညာရှင် တစ်ဦးသည် ကားပြင် တတ်ချင်မှ တတ်ပါမည်။ ထိုနည်းတူ ကားပြင်တတ်သူ မက္ကင်းနစ် တစ်ယောက်သည် လည်း မိမိပြင်သော ကား၏ နောက်ကွယ်မှ အကျိုးအကြောင်း ဆက်စပ်မှု (Chemical Energy မှ Mechanical Energy ပြောင်းလဲလာပုံ) တို့ကို နားလည် နိုင်ချင်မှ နားလည် ပါမည်။သို့သော်- ၀ါရင့်လာသော၊ တနည်းအားဖြင့် မိမိကြုံတွေ့လာရသော အတွေ့အကြုံ တို့ကို ပေါင်းစု စိစစ်၍၊ ကျိုးကြောင်း ဆက်စပ် ဆင်ခြင်တတ်သော မက္ကင်းနစ် တစ်ယောက်သည်- ကားတစ်စီး ၏ အတွင်းသဘော ပညာကို ထိုးထွင်းနားလည် လာနိုင်ပါ၏။ဆိုလိုသည်မှာ- အတတ်သည် - လေ့ကျင့် သင်ကြားမှု သဘောဖြစ်၏။ တစ်စုံ တစ်ယောက်က တစ်စုံ တစ်ယောက်ကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်၏။ပညာသည် အကျိုးအကြောင်း ဓမ္မသဘောတရား ဖြစ်၏။ ပညာတွင် ဆိုးသည်၊ ကောင်းသည် ဟူ၍ မရှိ၊ ဆက်စပ် ဖြစ်ပေါ်လာသော သဘောတရားသာ ရှိ၏။ ပညာသည် အလွယ်တကူ လက်ဆင့်ကမ်း၍ မရပဲ- မိမိကိုယ်တိုင် ကြောင်းကျိုး ဆင်ခြင်မှု၊ လေ့လာစူးစမ်းမှု၊ ခြုံငုံ သုံးသပ်မှု တို့မှ လာသည် ဖြစ်သောကြောင့်- ပရိနိဗ္ဗာန သုတ်တော်တွင် မြတ်စွာဘုရား ဟောတော်မူသည့် အတိုင်း “အတ္တာဟိ အတ္တာနော နာထော” မိမိကိုယ်သာ အဓိက အားထားရာ ဖြစ်၏။အတတ်ကို ကျွမ်းကျင်သော အခါ- “အထုံ” ဖြစ်၏။ ပညာကို စွဲနစ်သော အခါ- “ပါရမီ” ဖြစ်၏။သိုင်းသမား တစ်ယောက်သည် စဉ်းစား စရာ မလိုပဲ- ရန်သူမှ ချောင်းရိုက်လိုက်သော ဒုတ်ကို ပုတ်ထုတ်၊ ရှောင်ထွက် နိုင်ခြင်းသည် အတတ်ကို ကြိမ်ဖန် များစွာ ကျင့်ကြံထားသော “အထုံ” သဘော ဖြစ်၏။ “အထုံ” ဆိုသည်မှာ မွမ်းမံ လိမ်းကျံထားသည် ဆိုသော အနက်ရှိ၏။သို့သော်- ထိုအတတ်မှ တစ်ဆင့်တက်၍ ပညာရှင် ဖြစ်သွားကြသူတို့သည် - ထိုအတတ်၏ နောက်ကွယ်မှ ပညာကို ရရှိသွား၏။ ဤသည်ကို သိမြင်ခြင်း “၀ိဇ္ဇာ” ဖြစ်သည်ဟု ဆိုနိုင်၏။ “၀ိဇ္ဇာ” ဆိုသည်မှာ မြေလျှိုး၊ မိုးပျံနေခြင်းကို ဆိုလိုခြင်း မဟုတ်၊ ထိုသို့ ထိုးထွင်း ပေါက်မြောက်စွာ သိသွားသူတို့ကို အနောက်တိုင်း ပညာရှင်တို့ကို “Enlignten ones” ဟု ခေါ်၏။ အလင်းရောင် ရသွားသူများဟု ဆိုလိုခြင်း ဖြစ်သည်။လူ-လူချင်း ထိုးနှက် ရိုက်ပုတ်သော ကိုယ်ခံ ပညာကိုပင် လေ့ကျင့် သင်ကြား ခဲ့ကြသူများ ဖြစ်ခဲ့ကြသော ကရာတေး ၏ ဖခင် ဖြစ်သူ ဆရာကြီး ဂစ်ရှင် ဖူနာကိုချိ မှာ ပြောခဲ့သည်မှာ- “ကရာတေး” ဆိုသည်မှာ “ဗလာ လက်” ဖြစ်၍၊ “ဗလာ စိတ်” ထားနိုင်ရန်၊ “လောဘ၊ ဒေါသ၊ မောဟ” တို့မှ ကင်းဝေးရန် အတွက် ဖြစ်သည်ဟု ဆိုခဲ့၏။ ထိုနည်းတူ- တစ်ဦးနှင့် တစ်ဦး ချုပ်နှောင် ကိုင်ပေါက်သော အိုက်ကီဒို ပညာကို တီထွင်ခဲ့သူ ဒေါက်တာ မိုးရေးဟိ မှ - “မုန်းတီးမှု များသူသည် ဤပညာကို မတတ်မြောက်နိုင်” ဟု ဆိုခဲ့၏။ ရန်သူ အများနှင့် တစ်ယောက် သတ်ပုတ်ရာတွင်- ဒေါသဖြစ်လျှင်၊ ကြောက်လန့်လျှင်၊ မိမိကိုယ်မိမိ အထင်ကြီးလျှင်၊ အစွဲအလန်း ထားမိလျှင်- သေနိုင်သော အမှားဖြစ်၏။ ၀င်လာသော ဒါး၊ ဒုတ်၊ ခြေကန်ချက်၊ ထိုးနှက်ချက်တို့ အပေါ်တွင် - တစ်ခု ရောက်လာလျှင်- ရောက်လာသော အချိန်အခိုက် အတန့်လေးတွင်သာ- လိုအပ်သော တုန့်ပြန်မှုကို ပေးလိုက်ပြီး၊ ထိုကိစ္စ အပေါ်တွင် စိတ်ထဲမှ လုံးဝ ပယ်ဖျောက်၍၊ နောက်တစ်ခု လာလျှင် လာသလို တုန့်ပြန်ရန် ထားရမည့် သဘောထားကို- ရှင်နာဂသိန်မှ မိလိန္ဒ မင်းကြီးအား ဖြေကြား ခဲ့သော စကားဖြစ်သည့်- “အရှင်မင်းကြီး- မှန်ရှေ.ကို ရပ်လျှင်၊ မှန်ထဲက အရိပ်ဟာ ချက်ချင်းပေါ်သလား၊ နောက်မှ ပေါ်သလား၊ မှန်ရှေ့က ထွက်လိုက် လျှင်ကော၊ မှန်ထဲက အရိပ်ဟာ၊ ချက်ချင်းပျောက်သွားသလား၊ နောက်ကျမှ ပျောက်သွား သလား” ဟူသော ဥပမာ အတိုင်းပင်- ကိုယ်ခံပညာရှင် ဆရာကြီးများက- ညွှန်ပြခဲ့၏။ဤသည်မှာ- လူ-လူချင်း သတ်ပုတ်သော အတတ် ပင် ဖြစ်လင့်ကစား၊ နောက်ကွယ်မှ ပညာကို မြင်သွား သူတို့သည် ဗြဟ္မစိုရ် တစ်ရား တစ်ပါး ဖြစ်သော “ဥပက္ခာ” စိတ် (ချစ်ခြင်း၊ မုန်းခြင်း၊ တွယ်တာခြင်း၊ ကြောင့်ကြခြင်း တို့မှ ကင်းဝေးခြင်း) ထားသွား နိုင်ပုံကို ဆိုလိုရင်း ဖြစ်၏။ကောင်းကင်တွင် လူသားတို့ ပျံသန်းနိုင်ရန် အတွက် ဘ၀ တစ်ခုလုံးကို နှစ်မြုပ်ပြီး၊ လေယာဉ် တီထွင် ဒီဇိုင်းဆွဲမှုကို ပြုလုပ်ခဲ့သော၊ “ရိုက်ညီနောင်” တို့ထက်ပင် ပိုစောသည်ဟု ဆိုနိုင်သော ဘရာဇီး လူမျိုး “အယ်လ်ဘာတို ဆန်တို ဒူးပွန့်” သည် မိမိ၏ တီထွင်မှုကို လူသားတို့ အချင်းချင်း သတ်ဖြတ်ရန် အတွက် စစ်ရေး ကိစ္စများတွင် အသုံးပြုလာကြခြင်းကို စိတ်ဆင်းရဲစွာဖြင့် မိမိကို မိမိ အဆုံး စီရင်သွားခဲ့၏။ကောင်းမည် ထင်၍ ထူးခြားသော အတတ်ပညာကို ဖေါ်ထုတ်ခဲ့သော်လည်း - မကောင်းသော နေရာတို့တွင် သုံးခြင်းသည် မူလ ပညာရပ်၏ ရန်သူပင် ဖြစ်ပါသည်။အနုမြူ အတွက် အရေးအကြီးဆုံး E=mc² ဖေါ်မြူလာကို ဖေါ်ထုတ်ခဲ့သူ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် - စွမ်းအင်၊ ဒြဗ်နှင့် အလင်း၏ အလျင်တို့ ဆက်စပ်မှု သဘောတရား ပညာကို ဖေါ်ထုတ်ခဲ့သူ ဖြစ်၏။ ထိုပညာတွင် ကောင်းခြင်း၊ ဆိုးခြင်း မရှိပါချေ။ ကြောင်းကျိုး ဆက်စပ်မှု၊ သဘာဝ ဓမ္မ တစ်ခုသာ ဖြစ်၏။သို့သော် ၄င်းကို သုံး၍- လူ့လောက အတွက် လိုအပ်သော စွမ်းအင် ထုတ်နှုတ် သုံးစွဲနိုင် ခြင်းသည် အတတ်ဖြစ်၏။ ထိုနည်းတူ လူပေါင်း များစွာကို သေကြေ ပျက်စီးစေနိုင်သော အနုမြူ၊ နျူကလီယာ စစ်လက်နက် ထုတ်လုပ်ခြင်းသည် လည်း အတတ် ဖြစ်၏။ကောင်းသော အတတ်နှင့် မကောင်းသော အတတ်သည်သာ ခြားနား၏။တနည်းအားဖြင့် အတတ်သည် Application ခေါ် လက်တွေ့ အသုံးတည့်ခြင်းကို ဦးတည်၏။ ပညာသည်- Enlightenment ခေါ် ထွက်မြောက်ရာ အလင်းရောင် လမ်းကြောင်းကို ဦးတည်၏။
မူရင်း: http://www.motaa.info/2011/01/blog-post.html
I drop a leave a response whenever I especially enjoy a post on a site or
ReplyDeleteI have something to valuable to contribute to the
discussion. It's triggered by the fire displayed in the post I looked at. And on this post "အတတ်နှင့် ပညာ". I was excited enough to drop a leave a responsea response ;) I actually do have some questions for you if you don't mind.
Could it be only me or do some of these responses appear as if
they are left by brain dead people? :-P And, if you are
writing on additional social sites, I'd like to follow you. Would you make a list all of all your shared sites like your linkedin profile, Facebook page or twitter feed?
Feel free to visit my web-site :: ford ranger