Pages

Tuesday, July 19

မြန်မာလူမျိုးများသိသင့်သော


( ၁ )  စိတ်ကောင်းရှိဖို့က ပထမရှောင်ရန်စိတ်ထားများ

( က ) အကြီးက အငယ်ကိုနိုင် ၊ အငယ်က အကြီးကို မရိုသေ ဆိုတဲ့စိတ်မျိုး ၊
( ခ ) ကိုယ့်ထက်သာသူကို မနာလိုတဲ့ စိတ်မျိုး ၊
( ဂ ) ဥာဏ် ၊ ၀ီရိယကောင်းသူကို တိုးတက်မှာစိုးတဲ့ စိတ်မျိုး ၊
( ဃ ) အလွန်သိသာ ထင်ရှားတဲ့ တဏှာရာဂ စိတ်မျိုး ၊
( င ) ဂုဏ် နဲ့ လာဘ်ကို အလွန် လိုလားတဲ့ လောဘ စိတ်မျိုး ၊
( စ ) ပြင်းထန်တဲ့ ဒေါသ စိတ်မျိုး ၊
( ဆ ) ပြင်းထန်တဲ့ မာန်မာန စိတ်မျိုး ... စတဲ့ စိတ်ယုတ်မာတွေပါ ။

လိုက်နာကျင့်သုံးအပ်တဲ့ စိတ်ထားများ

( က ) ဆရာပီပီ ၊ တပည့်ပီပီ ရိုသေ လေးစားတဲ့ မေတ္တာစိတ်မျိုး ၊
( ခ ) သူတပါး ပညာတတ်သည် ။ ချမ်းသာကြွယ်ဝလာစေသည် ( လာဘ်ပေါသည် )ကို ၀မ်းမြောက်တဲ့
မုဒိတာစိတ်မျိုး ၊
( ဂ ) ဘုရား ၊ ဘာသာ ၊ သာသနာ ၊ ကြီးသူတို့ရဲ့ ဝေယျာဝစ္စ ကိုစိတ်ပါလက်ပါ ပြုလုပ်လိုတဲ့စိတ်မျိုး ၊
( ဃ ) သဒ္ဓါ တရားကောင်းတဲ့ စိတ်မျိုး ၊
( င ) ပျော့ပြောင်းနူးညံ့တဲ့ စိတ်မျိုး ၊
( စ ) အပါယ်လေးပါး ကြောက်တဲ့ စိတ်မျိုး ၊
( ဆ ) မဂ် ဖိုလ် နိဗ္ဗာန်ကို လိုလားတဲ့ စိတ်မျိုး ...စတဲ့စိတ်သူတော်လေးတွေပါ ။


( ၂ )  စည်းကမ်း လေးစားဖို့က ဒုတိယ

ရဟန်းသာမဏေ မှန်လျှင် ဘုရားရှင်ရဲ့ ၀ိနည်းသိက္ခာတော်ကိုလိုက်နာမှာသာ အပယ်လေးပါးကလွတ်ပြီး 
၊သာသနာတော် မကွယ်အောင်လဲ စောင့်ရှောက်နိုင်မှာပါ ။ သာသနာတော်တာရှည်တည်တံ့ဖို့ ဖြစ်တဲ့ အသက်ဟာဝိနည်း သာဖြစ်ပါတယ် ။ထို့အတူတိုင်းပြည်တစ်ပြည်၊မြို့တစ်မြို့ ၊ အိမ်ထောင်တစ်စု ၊       ပုဂ္ဂိုလ် 
တစ်ဦးစီမှာလဲ စည်းကမ်းဟာအသက်ပါဘဲ ။ စည်းကမ်းရှိမှ ၊ လူ့ကျင့်ဝတ် လေးစားမှ အရာရာတည်တံ့ခိုင်မြဲပြီး ပျက်သုဉ်းခြင်း ကင်းဝေးမှာပါ ။


( ၃ ) ကျန်းမာဖို့က တတိယ

စိတ်ကောင်းရှိရုံ ၊ စည်းကမ်းလေးစားရုံနဲ့ မပြီးပါဘူး ။ထိုနှစ်ပါးညီညွှတ်ပြီး ကျန်းမာနေဖို့ကလဲ အရေးကြီး
ပါတယ် ။ နာမကျန်းဖြစ်နေရင် ဘာကိုမှ မလုပ်နိုင်တော့ပါဘူး ။

( ၄ )  သန့်ရှင်းဖို့က စတုတ္ထ

မကျန်းမာရတဲ့ အကြောင်းတွေထဲမှာ မသန့်ရှင်းမှုကလဲအကြောင်းတစ်ခုပါဘဲ ။ဥတုနဲ့ လျော်ညီအောင်
ရေမှန်မှန် ချိုးလို့ ၊ တကိုယ်ရေ သန့်ရှင်းစေပြီး ၊ အ၀တ် ၊ အခန်း ၊အိမ်ကျောင်း ပတ်ဝန်းကျင်ကိုသန်ရှင်း
စေရပါမယ် ။ မိမိနေရာ တစ်ခုလုံး ၊ ခန္တာ တစ်ခုလုံး သင်းပြန့်မွှေးကြိုင်စေပြီး၊ လုပ်ရည် ကိုင်ရည်လဲတိုးလာ
မှာဖြစ်ပါတယ် ။များသောအားဖြင့် သန့်ရှင်းခြင်းရဲ့ အကျိုးကို မသိလို့သန့်ရှင်းအောင် မကြိုးစားကြတာပါ ။


( ၅ ) အ၀တ်နဲ့အစားတတ်ဖို့က ပဉ္စမ

ရဟန်းတော်များအနေနဲ့ သင်္ကန်းကို “ ရဟန္တာများရဲ့ တံခွန်အောင်လံ ”လို့ခေါ်ပါတယ် ။မတို မရှည် ၊
ညီညီ ၀တ်တတ်ဖို့ လိုပါတယ် ။ အရောင်ရင့်ရင့်ဆိုးတဲ့သင်္ကန်းကို သိက္ခာပုဒ်တော်များနဲ့ အညီ
ဝတ်တတ်ဖို့နဲ့ စည်းကမ်းတကျ အသံ တိတ်တိတ်ဆိတ် ဆွမ်းစား တတ်ဖို့လိုပါတယ် ။လူပုဂ္ဂိုလ်များ 
အဖို့လဲ အ၀တ်ကို သူ့နေရာနဲ့သူ ၊ သန့်သန့်ရှင်းရှင်းသေသေသပ်သပ် ၀တ်တတ်ဖို့လိုပါတယ် ။
ဥတုနဲ့ လျော်ညီအောင် စနစ်တကျ စားတတ်ဖို့လိုပါတယ် ။


( ၆ )  အနေအထိုင်တတ်ဖို့က ဆဋ္ဌမ

အသင်အပြ မရှိရင် ၀ါကြီးသူ ။ ကိုယ့်ထက်ကြီးသူ ၊ ဆရာသမားတို့ရဲ့အနီးမှာ လေးလေးစားစား နေနည်း ၊
ထိုင်နည်း မသိကြပါဘူး ။ မရကြပါဘူး ။ လက်ဦးဆရာ မိဘမှ အစပြုပြီးဆရာသမားကောင်းတွေ လိုပါတယ် ။


( ၇ )  အပြောအဆိုတတ်ဖို့က သတ္တမ

ရဟန်းတော်များ အနေနဲ့ ယခုအခါမှာ လူလူချင်းပြောကြသလို “ မင်းနဲ့ငါနဲ့ ” ဆိုတာတွေ ပြည့်လျှံလို့
နေပါပြီ ။ရှောင်ကျဉ်ရပါမယ် ။ “တပည့်တော် ၊ အရှင်ဘုရား ၊ ကိုရင် ၊ဦးဇင်း ၊ ဘုန်းကြီး ” စသဖြင့် ၀ါစဉ်အရ
ယဉ်ယဉ်ကျေးကျေး သုံးရပါမယ် ။လူပုဂ္ဂိုလ်များအနေနဲ့လဲ “ဟေ့ကောင် ၊ ဟိုကောင် ၊ ဒီကောင် ၊ မင်း
ငါ” စတာတွေ အစား “ ဘကြီး ၊ ဦးကြီး ၊အကိုကြီး ။ ညီလေး ၊ အဒေါ်ကြီး ၊ အဒေါ် ၊ အမကြီး ၊ ညီမလေး ” စသဖြင့်ယဉ်ကျေး ချစ်ခင် နှစ်လိုဖွယ်ပြောဆိုတတ်ရပါမယ် ။


( ၈ )  အသွားအလာတတ်ဖို့က အဋ္ဌမ

ယခုအခါ ရဟန်းတော်တွေ ဆွမ်းခံကြွရာမှာ တစ်ပါးနဲ့ တစ်ပါးရင်ဘောင်တန်းလို့ ၊ စကားတွေပြောလို့ ၊
မျက်စိက ကျီးကန်းတောင်းမှောက်နဲ့ ကိုယ်အမူအယာတွေကလဲ လှုပ်ခါရမ်းပြီးအတော့ကို ကြည့်ရ ရုပ်ဆိုး
နေပါပြီ ။ ကျမ်းစာများနဲ့အညီ ဘုရားရှင် မြို့ထဲ ကြွသည့် အလားရှေ့နောက်တန်းလို့ ၊ သေသေသပ်သပ်
ဝတ်လို့ ၊ တည်တည်ငြိမ်ငြိမ် စက္ခုကို ချလို့ သိက္ခာရှိရှိ ၊ လူရှင်ရိုသေအောင် သွားလာတတ်ရပါမယ် ။
လူပုဂ္ဂိုလ်များအဖို့လဲ ရဟန်း ၊ သာမဏေ ၊ လူကြီးသူမက အစကိုယ့်ထက်ဝါကြီးသူများ အနီးမှာသော်၎င်း ၊ 
အဝေးမှာသော်၎င်း ရိုရိုသေသေ ၊ တည်တည်ငြိမ်ငြိမ် ၊ရှပ်တီးရှပ်ပြာ မနေဘဲ သွားလာသင့်ပါတယ် ။


( ၉ )  စည်းကမ်းလိုက်နာဖို့က န၀မ

စည်းကမ်းတွေ လေးစားရုံနဲ့ မပြီးသေးပါဘူး ။ လိုက်နာ ကျင့်သုံးကြရပါမယ် ။ ရှေး လူကြီးများဆရာ
သမားများရဲ့ကောင်းတဲ့ စည်းကမ်း ထုံးစံ ဥပဒေတွေကို နောက်လူများကလိုက်နာဖို့ တာဝန်ရှိပါတယ် ။
သူ့စည်း သူ့ကမ်းနဲ့ မလိုက်နာနိုင်ရင် သူ့နေရာမှာ ရေရှည်နေဖို့မလွယ်ပါဘူး ။ဒါကြောင့်စည်းကမ်းလိုက်နာ
တတ်ဖို့ကလဲ အရေးကြီးပါတယ် ။


( ၁၀ )  စာတတ်ဖို့က ဒသမ

အများ အယူအဆကတော့ စာတတ်ဖို့က ပထမ လို့ယူဆကြဟန်တူပါတယ် ။ ဒါပေမဲ့စိတ်ကောင်းမရှိဘဲ
စာတတ်လဲ အလကားပါဘဲ ။ စည်းကမ်းမရှိဘဲ စာတတ်လဲ အလကားပါဘဲ ။ထို့အတူနာမကျန်းဖြစ်နေရင် ၊
ညစ်တီးညစ်ပတ် ဖြစ်နေရင် ၊ ၀တ်ပုံ စားပုံ မတတ်ရင် ၊ အနေအထိုင် မတတ်ရင်၊ မပြောအဆို မတတ်ရင် ၊
အသွားအလာ မတတ်ရင် ၊ စာတွေ ဘယ်လောက်တော်တော် အလကားပါဘဲ ။ ကိုယ့်အကျိုးသူ့အကျိုး
ဘာတစ်ခုမှ မပြုနိုင်ပါဘူး ။ စိတ်ကောင်းရှိမှု စသဖြင့်အားလုံးပြည့်စုံမှ စာတတ်ရကျိုး နပ်မှာပါ ။
ဒါကြောင့် စာတတ်ဖို့ကို နောက်ဆုံးမှာ ထားတာပါ ။

1 comment:

  1. Anonymous12:59 AM

    ကျေးဇူးအရမ်းတင်တယ်ဗျာ...ဒီဟာလေးကို လိုက်ရှာနေတာ ကြာပီ။

    ReplyDelete