Pages

Friday, August 17

ကုလသမဂ္ဂ ပေါ်ပေါက်လာပုံအကြောင်း



ကမ္ဘာကုလသမဂ္ဂသည်  ဒုတိယကမ္ဘာစစ်အတွင်းတွင်ပေါ်ပေါက်ခဲ့သည်။  ဒုတိယကမ္ဘာစစ်ကြောင့် လူသန်းပေါင်း   များစွာသေဆုံး၊ဒါဏ်ရာရ၊ အိုးအိမ်များဆုံးရှုံးခဲ့ရသဖြင့် နောင်ဤသို့သော   စစ်ပွဲမျိုးထပ်မံ
မဖြစ်ပွားစေရန် လိုအပ်ကြောင်း စစ်အတွင်းလက်တွဲတိုက်ခိုက်ခဲ့ကြသော ကမ္ဘာ့ခေါင်းဆောင်များမှ ထင်မြင်ခံစားလာခဲ့ကြသည်။ထိုမှ စတင်၍ ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးပေါ်ပေါက်လာစေရန်အတွက် တဆင့်ပြီးတဆင့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

၁၉၄၁ ခုနှစ်သြဂုတ်လ (၁၄) ရက်နေ့တွင် အမေရိကန်သမ္မ တ ဖရင်ကလင်ရုစဗဲ့ နှင့် ဗြိတိန်ဝန်ကြီးချုပ် ၀န်စတန်ချာချီတို့အတ္တလန္တိတ်သမုဒ္ဒရာ ပင်လယ်ပြင်တနေရာတွင် လျှို့ဝျက်တွေ့ဆုံခဲ့ကြပြီး ကမ္ဘာငြိမ်းချမ်းရေးစီမံချက်တရပ်ဖြစ်သော အတ္တလန္တိတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြသည်။ ၄င်းနောက် ၁၉၄၂ ဇန်န၀ါရီ (၁) ရက်နေ့ဝါရှင်တန်မြို့တွင်(၂၆)နိုင်ငံမှ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး ခဲ့ပြီးကုလသမဂ္ဂကြေငြာစာတမ်းကို လက်မှတ်ရေးထိုး၍ အတ္တလန္တိတ်စာချုပ်အားလက်ခံခဲ့ ကြသည်။

၁၉၄၃ ခုနှစ်အောက်တိုဘာလတွင် တရုတ်၊ဗြိတိန်၊ဆိုဗီယက်ပြည်ထောင်စု နှင့် အမေရိကန်ပြည်ထောင်စုတို့မှကိုယ်စားလှယ်များ မော်စကိုမြို့တွင်တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးစစ်ကြီးပြီးဆုံး
သည်နှင့် နိုင် ငံပေါင်းစုံပါဝင်သော အဖွဲ့ကြီးတရပ်ဖွဲ့ အစည်းကြီးတရပ်ဖွဲ့ စည်းရန်သဘော တူခဲ့ကြသည့် မော်စကို ကြေငြာချက်ကို  ထုတ်ပြန်ခဲ့ကြသည်။ ၁၉၄၄ နွေရာသီနှင့်ဆောင်ဦး ရာသီတွင် ၀ါရှင်တန်မြို့ ဒမ်ဘာတန်ခြံတွင် ကျင်းပခဲ့ သောမျက်နှာစုံညီ အစည်းအဝေးတရပ်တွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတခုအတွက် တိကျသော ပထမဆုံးစီမံချက် တရပ်ကိုရေးဆွဲခဲ့ကြပြီး ဒမ်ဘာတန်အုတ်ကွန်ဖရင့် ဟုခေါ်တွင်ခဲ့ကြသည်။

၁၉၄၅ ခုနှစ်ဖေါ်ဝါရီလတွင် သမ္မတရုစဗဲ့၊၀န်ကြီးချုပ်ချာချီ နှင့်ဆိုဗီယက်ခေါင်းဆောင်စတာလင်တို့ ဆိုဗီယက်ပြည် ထောင်စုယော်လတာမြို့တွင် ကွန်ဖရင့်တရပ်ကျင်းပ ခဲ့ပြီး လုံခြုံရေးကောင်စီ မဲပေးသည့်စနစ်ကို အတည်ပြုခဲ့သည်။ ၄င်းကို ယော်လတာ ကွန်ဖရင့်ဟု ခေါ်ဆိုခဲ့သည်။ ၁၉၄၅ ဧပြီလ (၂၅) ရက်မှ ဇွန်လ(၂၆) ရက် နေ့အထိ နိုင်ငံပေါင်း( ၅၀) မှကိုယ်စားလှယ်များ ဆန်ဖရန်စစ်စကိုမြို့တွင် ကွန်ဖရင့်တရပ် ကျင်းပခဲ့ပြီး ဇွန်လ (၂၆) ရက်နေ့တွင် ကုလသမဂ္ဂပဋိဉာဉ်စာချုပ်နှင့် အပြည်ပြည်ဆိုင်ရာတရားရုံးတို့၏  ဥပဒေများကို အတည်ပြုခဲ့ကြသည်။ ၁၉၄၅ ခုနှစ်အောက်တိုဘာလ (၂၄) ရက်နေ့တွင်လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်(၅)နိုင်ငံ အပါအ၀င် မူလတည်ထောင်သောနိုင်ငံအများစုက ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ကိုလက်မှတ်ရေးထိုးကာ ကုလသမဂ္ဂအဖွဲ့ကြီး တရားဝင်စတင်ဖွားမြင်လာခဲ့ပါသည်။ကုလသမဂ္ဂ ရှေးဦးအစည်းအဝေးကို ၁၉၄၆ ခုနှစ်တွင်လန်ဒန်မြို့တွင်ကျင်းပခဲ့ပြီးဌာနချုပ်ကိုအမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်တည်ထောင်ခဲ့သည်။

ကုလသမဂ္ဂဖွဲ့စည်းပုံမှာ-
(၁)အထွေထွေညီလာခံ(GENERAL ASSEMBLY)
(၂)လုံခြုံရေးကောင်စီ(SECURITY COUNCIL)
(၃)စီးပွားရေးနှင့်လူမှုရေးကောင်စီ(ECONOMIC AND SOCIAL COUNCIL) (၄)နယ်မြေထိန်းသိမ်းရေးကောင်စီ(TRUSTEESHIP COUNCIL) (၅)အပြည်ပြည်ဆိုင်ရာတရားရုံးချုပ်(INTERNATIONAL COURT OF JUSTICE) (၆)အတွင်းရေးမှုးချုပ်ရုံး(SECRETARIAT) တို့ဖြစ်ပါသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်  အဖွဲ့အစည်းများ ကုလသမဂ္ဂအတွင်းတွင်  အထူးသဘောတူညီချက်များ  အရသီးခြား ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့အစည်း များရှိပါသည်။  ၄င်းတို့တွင်ကိုယ်ပိုင်အဖွဲ့ဝင်များ၊ ဥပဒေပြုရေးအဖွဲ့များ၊ အမှုဆောင်အဖွဲ့များ၊ အတွင်းရေးမှုးရုံးများနှင့် ရသုံးမှန်းခြေငွေစာရင်းရုံး များရှိပါသည်။
၎င်းအဖွဲ့များမှာ- 
(၁)အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (INTERNATIONAL ATOMIC ENERGY AGENCY-IAEA)
(၂)အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (INTERNATIONAL LABOUR ORGANIZATION-ILO) (၃)ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FOOD AND AGRICULTURE ORGANIZATION-FAO)
(၄)ကုလသမဂ္ဂပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UN EDUCATIONAL SCIENTIFIC AND CULTURAL OAGANIZATION-UNESCO)
(၅)ကမ္ဘာ့ဘဏ် (WORLD BANK GROUP-WBG)
(၆)အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ (INTERNATIONAL MONETARY FUND-IMF)တို့ဖြစ်ပါသည်။

ကုလသမဂ္ဂတည်ထောင်သည်မှ ယနေ့အထိ အထွေထွေအတွင်းရေးမှုးချုပ်များမှာ- (၁)ထရီဗီလီ-နော်ဝေ(၁၉၄၆-၁၉၅၂)
(၂)ဒက်ဟန်းမားရှိုး-(၁၉၅၃-၁၉၆၁)
(၃)ဦးသန့်-မြန်မာ(၁၉၆၁-၁၉၇၁)
(၄)ကွပ်ဝါးဟိုင်း-သြစတီးယား(၁၉၇၂-၁၉၈၁)
(၅)ဟာဗီးယားပဲရစ်ဒေကွေးလျား-ပီရူး(၁၉၈၂-၁၉၉၁)
(၆)ဘူးထရို့ဘူးထရို့ဂါလီ-အီဂျစ်(၁၉၉၂-၁၉၉၆)
(၇)ကိုဖီအန်နန်-ဂါနာ(၁၉၉၇-၂၀၀၆)
(၈)ဘန်ကီမွန်း-တောင်ကိုရီးယား(၂၀၀၇- )တို့ဖြစ်ပါသည်။

သိမ်းထားတာကြာပြီ ဘယ်သူဆီက ယူထားမှန်းမသိတော့ဘူး အမည်မဖော်ပြပေးနိုင်တာ အနူးအညွှတ် တောင်းပန်အပ်ပါသည်။ 

အားလုံးကိုလေးစားလျက်...

1 comment: