Pages

Saturday, February 11

ဗိုလ်ချုပ်အောင်ဆန်း


ကျွန်တော်တို့အခုခေတ် လူငယ်တွေ ဖေဖော်ဝါရီလမှာ ဘယ်ရက်ကို မှတ်မိသလဲ ၊ သတိရလဲ လို့ မေးရင် အများစုက ဖေဖော်ဝါရီ (၁၄) လို့ ပြောပါလိမ့်မယ်။ ကျွန်တော်လည်း လူငယ်ပါပဲ။ ဒါပေ့မယ့် ကျွန်တော့်ကိုလာ မေးရင်တော့ သုံးရက်လို့ ပြော                  ရပါလိမ့်မယ်။                ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ပြည်ထောင်စု နေ့၊  ဖေဖော်ဝါရီလ(၁၃) ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့၊ ဖော်ဖေ၀ါရီ(၁၄) ရက်နေ့က valentines day  ပါ။ တခြားရက်တော့ ကျွန်တော်လည်းမသိပါဘူး။  ဘာဖြစ်လို့ လူငယ်တွေ ပါးစပ်ဖျားမှာ  ဖေဖော်ဝါရီ (၁၄) ကိုပဲ သိပြီး ကျန်တဲ့ နှစ်ရက်ကိုမေ့ထားသနည်း။ မြန်မာလူမျိုး မှန်ရင်တော့ မိမိတို့နိုင်ငံတဲ့ ပက်သက်တဲ့ အမှတ်တရနေ့လေးတွေတော့ သိထားသိတာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ မြန်မာတွေရဲ့ ရင်ထဲ အသည်းထဲမှာ သေသည်တိုင်အောင် မမေ့အပ်တဲ့ ပုဂ္ဂိုလ်ပါ။ ဘာလို့မမေ့သင့်တာလဲလို့ မေးလာရင်တော့ အဖြေက ရှင်းပါတယ်။ ကျွန်တော်တို့  မြန်မာနိုင်ငံကို နယ်ချဲ့ လက်ပါးစေ လက်အောက်ကနေ လွတ်လပ်ရေး ရအောင်စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ခဲ့လို့ပါပဲ။ လွတ်လပ်ရေးဖခင်ကြီးလို့ တင်စားခေါ်ဆိုနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုမေ့တဲ့သူတွေကတော့ ကျွန်တော်တို့ ဗိုလ်ချုပ် လုပ်ဆောင်ခဲ့တာတွေကို လစ်လျှူရှုသူ၊ အသိအမှတ်မပြုသူ၊ ဗိုလ်ချုပ်ကို မချစ်မြတ်နိုးသူလို့ ပြောလိုက်ပါရစေ။ ကျွန်တော်လည်း ဗိုလ်ချုပ်အကြောင်းကို ကောင်းကောင်းမသိပါဘူး။ ကျွန်တော်ရင်ထဲမှာ တော့ဗိုလ်ချုပ်ကအမြဲတမ်းရှိပါတယ် ။ဒီတော့ ကြားဖူးနေကျ  ကဗျာလေးကို ကျွန်တော်ရေးပါရစေ။ 

အောင်ဆန်းဇာနည် ဖေဖော်ဝါရီ ဆယ်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား 
ဇာတိ နတ်မောက် မကွေးခရိုင် သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စုသား 
တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန် 
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး 
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင် ပြည်ချစ်ဒို့ခေါင်းဆောင် 
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား 
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ ဖခင် 
ကောင်းစေချင်တဲ့  မှာစကား ငါတို့ မမေ့အား။ 

ကျွန်တော်ဗိုလ်ချုပ်အကြောင်းနဲ့ပက်သက်တာတွေကို အောက်မှာ ဖော်ပြထားပါတယ်။ ပြီးတော့ ဗိုလ်ချုပ်ရဲ့ မိန်ခွန်း၊ အောက်ဖော်ပြပါ အကြောင်းအရာများကိုလည်း PDF ဖိုင်လေးနဲ့ ပြန်လည် ပြုလုပ်ပြီး ဒေါင်းလော့လင့်လေးပါ ထည့်ပေးထားပါတယ် ။ ကျွန်တော်  PDF ဖိုင်ချည်း ပဲ တင်မလိုပါပဲ။ ဒါပေ့မယ် အွန်လိုင်းမှာ ဖတ်ချင်တဲ့သူတွေအတွက်လည်း အဆင်ပြေအောင်ဆိုပြီးတော့ပါ။ MYMC အွန်လိုင်းရေဒီယိုအစီအစဉ်  မှပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။စာပေဟောပြောပွဲတစ်ခုမှာ ကြားလိုက်သေးတယ်။ စပါးဝယ်ချင်တဲ့ပွဲကုန်သည်တစ်ယောက်က   စပါးဝယ်ဖို့ အိမ်တစ်အိမ်ကို ရောက်ခဲ့ပါတယ်။ အဲဒီအိမ်မှာ ကလေးငယ်တစ်ယောက်ရယ်၊မိန်းမကြီးတစ်ယောက်ရယ် ရှိနေခဲ့တယ်။ စပါးဈေးဘယ်လောက်လဲလို့ ကုန်သည်က မေးပါတယ်။ မိန်းမကြီးက ကျမတို့ဒီနှစ်မိုးမကောင်းလို့ ခြောက်ဆယ်နဲ့ပဲ ပေးပါလို့ပြောတယ်။ ကုန်သည်ကလည်း ဈေးကိုသဘောကျပြီးတော့ ၀ယ်မယ်လို့ ပြင်နေတုန်းမှာ မိန်းမကြီးနဲ့အတူရှိနေတဲ့ ကလေးက ၀င်ပြောတယ်။ အစ်မ အစ်မ ကျွန်တော်တို့ကိုကျတော့ မလိမ်နဲ့ မညာနဲ့ လို့အမြဲတမ်းပြောတယ် နော်။ အစ်မကျတော့ လူကြီးဖြစ်ပြီး ဘာလို့ လိမ်တာလဲ။ ခုနက အစ်မနဲ့ အဘ နဲ့ပြောတာ ကြားတယ်နော်။ စပါးဈေးက ငါးဆယ်ပဲ ရှိတာလို့ပြောတယ်လေ။ အခုဘာဖြစ်လို့ ခြောက်ဆယ် ဖြစ်သွားတာလဲ တဲ့ဗျာ။ အဲဒါနဲ့ စပါးအရောင်းအ၀ယ် ပျက်သွားခဲ့ပါတယ်။   အဲဒီကလေးက ဘယ်သူလဲ ဆိုရင်တော့ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပါတဲ့ဗျာ။ ကျွန်တော်တို့ဗိုလ်ချုပ်က ငယ်ငယ်လေးကတည်း က သန္ဓေကောင်းခဲ့တာနော်။ ဒါကြောင့်လည်း နိုင်ငံခေါင်းဆောင် ငယ်ငယ်ရွယ်ရွယ်နဲ့ဖြစ်ခဲ့တာထင်ပါတယ်။


                                    ဗိုလ်ချုပ်အောင်ဆန်း အကြောင်း

                                                  မွေးဖွားရာအချိန်နှင့် ဇာတိ


မည်နာမနှင့် မွေးချင်းမောင်နှမ

ဇာတာအရ မှည့်ထားတဲ့ နာမည်ကတော့ မောင်ထိန်လင်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူကမှ ထိန်လင်းလို့ ခေါ်လေ့ခေါ်ထမရှိဘဲ သူ့အကို ကိုအောင်သန်းရဲ့ နာမည်နဲ့ လိုက်အောင် မှည့်ထားတဲ့ မောင်အောင်ဆန်း လို့သာ ခေါ်ကြတော့တယ်။ နောက်ပိုင်း ဒို့ဗမာ အစည်းအရုံးကို ၀င်ရောက်တဲ့အခါ သခင်အောင်ဆန်း ဖြစ်လာခဲ့တယ်။ သခင် အောင်ဆန်းရဲ့ ဂျပန်အမည်ကတော့ အိုမိုဒါမွန်ဂျီ ဖြစ်ပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံ ဗန်ကောက် ရဲဘော် သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာကနေ ဗိုလ်တေဇဖြစ်လာခဲ့တယ်။ နောက်ဆုံးကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်တဲ့ နေရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ သူအပါအ၀င် မွေးချင်းမောင်နှမ ၈ ယောက်ရှိပါတယ်။ သူတို့တွေကတော့ 1) မခင်ညွှန့် (လယ်ဝန်ကတော်) ကွယ်လွန် 2) မ၀က် (အိပ်ထောင်မပြု) ကွယ်လွန် 3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ) 4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်) 5) မောင်နေအောင် (အမိန်တော်အရရှေ့နေ ကွယ်လွန်) 6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်) 7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်) ကွယ်လွန် 8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။

ငယ်ဘ၀အကျဉ်းချုပ်


ဗိုလ်ချုပ်မွေးဖွားတုန်းက သိပ်မထူးဆန်းပေမယ့် ထိုင်နိုင်ထနိုင်တဲ့ ကလေးဘ၀ကစပြီး ထူးခြားခဲ့တယ်လို့ သိရပါတယ်။ တော်တော်လည်း ဂွကျသူဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ငယ်ငယ်တုန်းက တော်တော်နဲ့ စကား မပြောတာကြောင့် လူကြီးမိဘများက ဆွံ့အ နေသလားဆိုပြီး စိုးရိမ် ကြောင့်ကြခဲ့ရပါတယ်။ ဗိုလ်ချုပ်က ငယ်ငယ် တုန်းက ချူချာတဲ့အပြင် အစားလည်းကြူးပြီး အမဲသား ငါးကို အလွန်ကြိုက်ပါတယ်။ ငယ်ငယ်တုန်းက မိခင်နဲ့ ဈေးဝယ်လိုက်သွားရင်း အမဲသားစိမ်းမြင်တာနဲ့ အတင်းလုစားမယ်လုပ်တယ်လို့ သူရဲ့မိခင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ယဉ်ကျေးတဲ့သူတွေကို အမြင်မကြည်ဖြစ်ပြီး အဲ့လိုလူတွေကြားထဲမှာ သိပ်လည်းနေသားမကျခဲ့ပါဘူး။ ဗိုလ်ချုပ်နေချင်တဲ့ပုံစံက လူရိုင်းပြီး ကြမ်းတမ်းခက်ထန်ပေမယ့် တည်ကြည်ပြီး လွတ်လပ်သန်စွမ်းတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ 
ဗိုလ်ချုပ်ငယ်ငယ်တုန်းက အတီးအမှုတ်၊ အကအခုန် အတော် ၀ါသနာပါခဲ့တယ်။ အထူးသဖြင့် ဆိုင်းတီး တာကို အတော်ဝါသနာ ပါတယ်လို့ ပြောကြပါတယ်။ စားပွဲဖြစ်ဖြစ်၊ ခေါက်စရာတွေ့ရင် လက်ကွဲတဲ့အထိ အမြဲတမ်း ခေါက်နေလေ့ ရှိပါတယ်။ များသော အားဖြင့် ဣနြေ္ဒကြီးပြီး ချောင်တချောင် မှာကပ်ပြီး မှိုင်ကာ စဉ်းစားနေလေ့ရှိပြီး ကစားခုန်စား သိပ်လုပ်လေ့လုပ်ထ မရှိပေမယ့် ကစားတဲ့အခါ ကြမ်းတမ်းပြီး ကြမ်းတမ်းတဲ့ ကစားနည်းကိုမှ နှစ်သက်တတ်ပါတယ်။ မျက်နှာလို မျက်နှာရနဲ့ အထက်လူကြီးတွေကို တိုင်တောခြင်းကို ငယ်ငယ်ကတည်းက အထူးစက်ဆုပ် ရွံ့မုန်းခဲ့သူဖြစ်တယ်။

ကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိဘနှစ်ပါးလုံးမှာ ဥာဏ်ရည်ထက်မြတ်သောသူတွေ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်ရဲ့ဖခင်က ရှေ့နေစာမေးပွဲမှာ ဗမာပြည်တပြည်လုံး တတိယစွဲခဲ့ပါတယ်။ အကိုများ၊ ၀မ်းကွဲညီအစ်ကိုများ နဲ့ ဦးလေးတွေကလည်း သူတို့ရဲ့ ကျောင်းစာမေးပွဲမှာ ထိပ်တန်းကျကျ အောင်မြင်ခဲ့ကြသူချည်းပါပဲ။ ဗိုလ်ချုပ်ရဲ့မိဘ များကလည်း ပညာရေးကို အထူးလိုလားကြတဲ့အတွက် ဗိုလ်ချုပ်ရဲ့ အစ်ကိုတွေကိုငါးနှစ်သား အရွယ်ကစပြီး ကျောင်းထားခဲ့ကြသည်။ ဗိုလ်ချုပ်ကတော့ အငယ်ဆုံးဖြစ်ပြီး အလိုလိုက် ထားတာကြောင့် အသက် ၈နှစ်ရောက်မှ ကျောင်းစနေ ဖြစ်ခဲ့ပါတယ်။။ ဒါတောင် အစ်ကိုက ရှင်ပြုတာအားကျပြီး ရှင်ပြုချင်လို့ ကျောင်းနေခဲ့တယ်လို့ ဆိုပါတယ်။။ ကျောင်းတက်တော့လည်း အတန်းကျောင်း တက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်တည်းနဲ့ ၁၀တန်း အောင်မြင် ခဲ့ပါတယ်။။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲမှာ ဗမာတစ်နိုင်ငံလုံး န၀မစွဲခဲ့ပြီး အထက်တန်း စကေားလားရှစ် ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကျောင်းနဲ့ အမျိုးသားကျောင်းများမှာလည်း ပထမစွဲခဲ့ပြီး ဦးရွှေခိုဆုကို ရရှိခဲ့ပါတယ်။
အထက်တန်းပညာရေးကို နတ်မောက်နဲ့ ရေနံချောင်းတို့မှာ သင်ယူပြီးနောက် ရန်ကုန် တက္ကသိုလ်မှာ ၆ နှစ်ခွဲလောက်နေခဲ့ပြီး အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံတို့ကိုလည်း သင်ယူခဲ့ပါသေးတယ်။။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့လာနိုင်တဲ့အတွက် (ဘီ-အေ) အတန်းအထိ အောင်ယုံသာအောင်ခဲ့ပြီး (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရပါသေးတယ်။ အဲ့ဒီနောက် (ဘီ-အယ်လ်) အတန်းကိုတက်တဲ့ အချိန်မှာတော့ အတန်းလည်းမှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ သူစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားခဲ့တာကြောင့် (ဘီ-အယ်လ်) ပထမနှစ်စာမေးပွဲကို ကျရှုံးခဲ့ပါတယ်။ အဲ့ဒါက ဗိုလ်ချုပ်ဘ၀တွင် ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေရာဇ၀င် ပထမမေးခွန်းမှာတော့ ဗိုလ်ချုပ်က ပထမရခဲ့ပါတယ်။ ဒုတိယ (ဘီ-အယ်လ်) နှစ်မှာတော့ နှစ်စေ့အောင် ကျောင်းမနေတော့ပါ။ အကြောင်းအရင်းကတော့ ဥရောပတိုက်မှာ မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မလို ဖြစ်နေတဲ့ခြေအနေနဲ့ ဗမာပြည်မှာလည်း အထိကရုန်း အခြေအနေတွေကြောင့် တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက် နှစ်ဝက်မှာကျောင်းထွက်ပြီး သခင်ဘ၀သို့ ကူးပြောင်းခဲ့ပါတော့တယ်။

နိုင်ငံအတွက်လှုပ်ရှားခဲ့မှုများ

ဗိုလ်ချုပ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အဲ့ဒီအဖွဲ့ကထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃၆ခုနှစ် ဖေဖေါ်ဝါရီလမှာ တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦးကို ရည်ညွှန်းထားတဲ့ ဆောင်းပါးဖြစ်တဲ့ ငရဲခွေးကြီး လွတ်နေသည် ဆိုတဲ့ ဆောင်းပါးကို အမည်မဖော်ပြခဲ့တဲ့အတွက် ကိုနု (သခင်နု)နှင့် အတူတကွ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် သမိုင်းမှာ ကျောင်းသားသပိတ်ဆိုပြီး ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောင်းကထုတ်တဲ့ အမိန့်ကို ပြန်လည်ရုတ်သိမ်း ခဲ့ရတယ်။ ၁၉၃၈ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားသပိတ် မန္တလေးကို ကူးစက်ပြီး နောက်ပိုင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံးမှာ ဥက္ကဌအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသေးတယ်။ အဲ့ဒီနှစ်မှာပဲ အစိုးရက သူ့ကို ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီမှာ ကျောင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားရေးသို့ ကူးပြောင်းခဲ့ပြီး ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ ဒို့ဗမာအစည်းအရုံး ၀င်တစ်ဦး ဖြစ်လာသောအခါတွင် သခင်တစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတာဝန်ကို ထမ်းဆောင်နေစဉ် ၁၃၀၀ ပြည့် အရေးတော်ပုံလို့ လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့ပါတယ်။
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကြီးက ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်က အဲဒီမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှုး ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းမှာ အဲဒီအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လမှာတော့ အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပေမယ့် အစိုးရက ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး နောက်ဆုံးမှာတော့ နိုင်ငံရပ်ခြားကို ပြေးခဲ့ရပါတယ်။ စစချင်းမှာ ဗိုလ်ချုပ်ကတရုတ်ပြည်သို့သွားပြီး ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့ကိုအမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့ပါတယ်။

၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဖူမီမာရိုကိုနိုး အစိုးရဆီက လက်နက်နဲ့ ငွေကြေးထောက်ပံမယ်ဆိုတဲ့ ကတိရလာခဲ့ပါတယ်။ အဲ့ဒီနောက် စစ်သင်တန်းတက်ဖို့ ရဲဘော်သုံးကျိတ် အဖွဲ့ဝင်တွေနဲ့ ဂျပန်ပြည်ကို ခဏပြည်လည် ထွက်ခွာသွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ဟာ ဂျပန်တို့ လက်အောက်သို့ ကျရောက် သွားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဗိုလ်ချုပ်ရဲ့တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ဂျပန်တို့နဲ့ပူးပေါင်းမှုကတော့ ကြာကြာတော့မခံလိုက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်များပြောတယ့် လွတ်လပ်ရေးဆိုတာကို သံသယဝင်လာတဲ့အပြင် ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေး ကိုလည်း မနှစ်မြို့ခဲ့ပါဘူး။ ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင် သတိပေးခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်များဖြစ်တဲ့ သခင်သန်းထွန်း၊ သခင်စိုးတို့၏ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီအင်အေတပ်ကို ဦးဆောင်ပြီး ဂျပန်ကျူးကျော်သူများကို မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး တိုက်ထုတ်ခဲ့ပါတော့တယ်။ ဒါကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရမှ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်ုးရဲ့မိသားစု

ဗိုလ်ချုပ်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၂ ခုနှစ် မှာ ဒေါ်ခင်ကြည်နှင့်
လက်ထပ်ခဲ့ပြီး အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စတဲ့ သား(၂)ယောက်၊ သမီး(၁)ယောက် ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒေါ်ခင်ကြည်ရဲ့ ညီမကတော့ ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းနဲ့ လက်ထပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့သားအကြီးဆုံး ဦးအောင်ဆန်းဦးက အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိပြီး ဒုတိယမြောက်သား အောင်ဆန်းလင်းကတော့ ၈ နှစ်သား အရွယ်မှာ ခြံထဲကရေကန်မှာ ရေနစ်သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငယ်ဆုံး သမီး ဒေါ်အောင်ဆန်းစုကြည် ကတော့ အခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်လျှက်ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်က ဘာသာရေးဆိုင်ရာ စာပေများကို ရေးသားခဲ့ရုံသာမက ဘာသာရေးနဲ့သက်ဆိုင်တဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ပါသေးတယ်။ ၁၉၃၅ခုနှစ် ဂန္ဓလောက မဂ္ဂဇင်း ဧပြီလထုတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး Burma and Buddhism ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးသားခဲ့ပါတယ်။ အသက် (၂၀)အရွယ်မှာ ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ ကျင့်သုံးနည်း' ဆိုတဲ့ဆောင်းပါးကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပါသေးတယ်။ စာပေနဲ့ပတ်သက်ပြီး အညာသားလေး ဆိုတဲ့ ကလောင်နာမည်နဲ့ သူရိယ မဂ္ဂဇင်းမှာ စာရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ရဲ့အရေး ကောင်းကျိုးကို လိုလားတာကြာင့် နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရပေမယ့် တကယ်တမ်းက စာရေးဆရာတစ်ယောက် ဖြစ်ချင်တာလို့ သိရပါတယ်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့က ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ ဖဆပလဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ဆရာများ အစည်းအဝေးမှာ ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဆိုပြီး သူဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောခဲ့သေးတယ်။
ဗိုလ်ချုပ်မကွယ်လွန်ခင်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ တော်တော်များများကို ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးသားခဲ့တဲ့ စာတွေကလည်း ဖတ်ရင် တိကျရှင်းလင်းပြီး ပေါ်ပေါ်လွင်လွင် ဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်က ‘တကမ္ဘာ လုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံ လိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီး ဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာ ဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ လို့ ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အနိုင်မခံဆိုတဲ့ ကဗျာကိုလည်း ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်းရဲ့ အတွဲ ၆ အမှတ် ၁ တွင် ရေးသား ခဲ့ပါ သေးတယ်။
အနိုင်မခံ ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ဓါတ်ကို ဖန်တီးပေးသည် နတ်သိကြားတို့အား ငါ ကျေးဇူးတင်၏။ လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်တွင်းသိုပ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ် ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။ သို့သော် ငါ့အားမတုန်လှုပ်သည်ကိုတွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။ သုဂတိသို့ သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။
(ဗိုလ်ချုပ်အောင်ဆန်း)

ဗိုလ်ချုပ်နဲ့ ပက်သက်ပြီးတော့ စာရေးဆရာကြီး ဒဂုန်တာရာက သူ့ရဲ့ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့မှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်စားရေးသားခဲ့ပါသေးတယ်။ ဆရာဒဂုန် တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့မှာ ဗိုလ်ချုပ်ဟာ မြန်မာပြည် လွတ်လပ်ရေး အကြောင်းကိုသာ အမြဲစဉ်းစားနေတတ် ပြီး ကျန်သည့်အရာတွေကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးလိုပဲ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ ဘယ်လောက် နိုင်ပုံ၊ သူ ယုံကြည်ရာကို တစိုက်မက်မက်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ ဒါပေမယ့် သူ့မှာ အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို လှလှပပလေး တင်စားရေးဖွဲ့ခဲ့ပါတယ်။ အဲ့ဒီ့ရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ လို့ သူ့ရဲ့ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောပြီး ပြောခဲ့ဖူးပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်က နိုင်ငံရေးအလုပ်တွေကြောင့် မအားလပ်နိုင်ပေမယ့် အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ပြီး ညည်းတွားနေတတ် သေးတယ်လို့လည်း ပြောကြပါတယ်။ ဗိုလ်ချုပ်က ‘ဗမာအက၊ ဗမာဂီတ တွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ လို့လည်း ပြောကြားခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်မှာလည်း အနုပညာနဲ့ပတ်သက်ပြီး ခံစားတတ် ဂုဏ်ယူတတ်တဲ့ စိတ်ကလေး ကိန်းအောင်းနေခဲ့သေးတာကို တွေ့မြင်နိုင်ပါတယ်။




နောက်ဆုံးနေ့ရက်များ

၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် ကလီမင့်အက်တလီတို့ဟာ လန်ဒန်မြို့မှာ တစ်နှစ်အတွင်း မြန်မာ့ လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်းပါတယ်။ 
လူအချို့က ဗိုလ်ချုပ်ကို ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင် သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြုနှိပ်ကွပ်ခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသည်ဟု ယူဆခဲ့ကြပါတယ်။ စစ်အတွင်းတုန်းက သူကြီးတစ်ဦးကို ကွက်မျက်မှုနှင့် အရေးယူရန်လည်း ကြိုးစားအားထုတ်ခဲ့ပါသေးတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ပင်လုံညီလာခံ တွင် စည်းလုံးညီညွတ်ရေး ဖော်ဆောင်သည့် သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဧပြီမှာ ဖဆပလက တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့ပြီးတော့ ဇူလိုင်လမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်မှာရှိတဲ့ `ဆိုရန်တာဗီလာ´မှာ ကျင်းပခဲ့ပါတယ်။
လွတ်လပ်ရေးမရမီ လအနည်းငယ် အလိုမှာတော့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူရဲ့အစ်ကိုဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ လုပ်ကြံမှုက သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစောရဲ့ လက်ချက်လို့ယူဆရတဲ့အပြင် ဦးစောရဲ့ တရားခွင်စစ်ဆေးချက်များမှာလည်း သံသယဖြစ်စရာများ တွေ့ရှိခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပေမယ့် လွှတ်တော်ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ဦးနုက တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းမှုများကို အရှိန် မပျက် ဆက်လက် ထမ်းဆောင်ခဲ့တဲ့အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပေမယ့်လည်း လွတ်လပ် ရေးရဲ့ အရသာကိုတော့ ခံစားခွင့် မရလိုက်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀ဖြစ်စဉ်နေ့စွဲများ

၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် မကွေးတိုင်း နတ်မောက်မြို့၌ဖွားမြင်သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသော်လည်း အကိုဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်းဟုခေါ်တွင်ခဲ့သည်။
၁၉၂၂။ ။ အသက် ၇ နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတထံတွင် ကျောင်းနေခဲ့သည်။
၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောငိးသို့ ပြောင်းနေခဲ့သည်။
၁၉၃၀။ ။ သတ္တမတန်းအောင်ကာ ဦးရွှေရိုးစကောလားရှစ်ရသည်။ တစ်လ ၁၀ဖြင့် သုံးနှစ်စာ စကောလားရှစ်ရခဲ့သည်။
၁၉၃၂။ ။ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္တသိုလ်ရောက်သည်။
၁၉၃၄။ ။ ဥပစာတန်းအောင်သည် (စာမေးပွဲခုံအမှတ် ၂၃၁)။ တကသ အမှုဆောင်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။
၁၉၃၅-၃၆။ ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးမဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌ "ခွေးသရမ်းကြီးလွတ်နေသည်" (Hell Hound At Large) ဆောင်းပါးရေးသူကို ထုတ်ဖော်မပြောသဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံရသည်။
၁၉၃၆။ ။ တကသ ဒုဥက္ကဌရွေးချယ်ခံရသည်။ ရန်ကုန်မြို့ ဂျူဘာလီဟောခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံတွင် မိန့်ခွန်းပြောကြားသည်။
၁၉၃၇။ ။ အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒ ဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့် စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)တွင် နေခဲ့သည်။
၁၉၃၇-၃၈။ ။ တကသဒဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သည်။
၁၉၃၈။ ။ ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဥက္ကဌ နေရာမှ၎င်း နှုတ်ထွက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော နယူဘားမား သတင်းစာ အယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက် လုပ်ကိုင်သည်။ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။
၁၉၃၈-၃၉။ ။ တကသဥက္ကဌအဖြစ် ဆောင်ရွက်သည်။
၁၉၃၉။ ။ ဇန်န၀ါရီလတွင် ရန်ကုန်အရေးတကြီး လုံခြုံရေးအက်ဥပဒေဖြင့် (၁၅)ရက် ဖမ်းဆီးထောင်ချခံရသည်။ ဖေဖော်ဝါရီ (၂၅)ရက်နေ့ သန်းခေါင်ကျော် ၂ နာရီခွဲတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအလုပ် အမှုဆောင် အစည်းအဝေးသို့ တက်ရောက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၅နာရီတွင် ဗမာပြည် နန်းရင်းဝန်၊ မြို့မိမြို့ဖ အဖွဲ့ဝင်လူကြီးများနှင့် ကျောင်းသား ခေါင်းဆောင်များ (ကျောင်းသားသပိတ် အရေးနှင့် စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆ ရက်မှ ၉ ရက် အထိ ကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှုးအဖြစ် တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ ၁၃ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံး တည်နေရာ၌ သခင်ဆောင်ဆန်း၊ သခင်လှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံး အတွင်းတွင် ကွန်မြူနစ်အဖွဲ့လေးတရပ် စတင်ဖွဲ့စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း ၄၉လမ်း အိမ်နံပါတ် ၁၈၈တွင် ဗမာပြည် ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင် ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေ အတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘမော်အိမ်၌ ကျင်းပသော အစည်းအဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်း ခံရသည်။ နိုဝင်ဘာ ၁၈ ရက်ေ န့တွင် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို စတင်တည်ထောင်ကာ သခင်အောင်ဆန်းအား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။ ၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄၀ ဇန်န၀ါရီလ အတွင်း ဗမာတစ်ပြည်လုံးသို့ တရားလှည့်လည် ဟောပြောခဲ့သည်။

၁၉၄၀။ ။ မတ်လ ၂၂ရက်နေ့ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံသို့ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်၊ သခင်ဆင်ဂူပတား၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ ကိုဗဟိန်း တို့နှင့်အတူ တက်ရောက်ခဲ့ကာ မေလ ၅ရက်၌ ရန်ကုန်ပြန်ရောက်သည်။ ဇွန်လ ၂၉ ရက်တွက် ဟင်္သတခရိုင် ရာဇ၀တ်ဝန် မစ္စတာဇေးဗီးယားက ဇွန်လ ၁ရက်နေ့ ဇလွန်မြို့၌ ချင်းတောင် အကြောင်း ဟောပြမှုဖြင့် သခင်အောင်ဆန်းကိုဖမ်းရန် ၅ ကျပ်တန် ၀ရမ်းကို ထုတ်ခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိ သင်္ဘောဖြင့် ဗမာပြည်မှ တရုတ်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခွါခဲ့ကြသည်။ သြဂုတ်လ ၂၄ရက်နေ့တွင် တရုတ်ပြည် အမွိုင်သို့ ရောက်ရှိကာ ထိုမှတဆင့် နိုဝင်ဘာ ၁၂ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။
၁၉၄၁။ ။ မတ်လ ၃ရက်နေ့တွင် ဗမာပြည်သို့ပြန်လာပြီး မတ်လ ၉ ရက်နေ့၌ ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်လူငယ်တစ်စုကို တပါးတည်းခေါ်ယူပြီး ဂျပန်ပြည်သို့ လျို့ဝှက်စွာ ပြည်လည် ထွက်ခွာခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ပြည်တိုကျိုမြို့သို့ ပြန်လည် ဆိုက်ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ ၀ရမ်းပြေးနေစဉ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။ ဒီဇင်ဘာ ၂၇၊ ၁၉၄၁ စနေနေ့ည ၁ နာရီအချိန်တွင် ယိုးဒယား ပြည်ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏နေအိမ်တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းပြီး လက်မောင်းသွေး ဖောက်သောက်ကြသည်။
၁၉၄၄။ ။ သြဂုတ်လ ၄ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ) ကို ပဲခူးမြို့ဗမာ့တပ်မတော် တိုင်း ၄ စခန်း၌ လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်ုးသည် ဖဆပလ ဗဟိုဦးစည်း အဖွဲ့တွင်၎င်း၊ ဖဆပလ ဗဟိုစစ်ကောင်စီတွင်၎င်း၊ စစ်ရေး ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ သြဂုတ်လ ၂၃ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ ပတ်လမ်းနှင့် ဦးထွန်းမြင့် လမ်းထောင့်ရှိ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဗမာ့တပ်မတော် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြည့်သူ့အရေးတော်ပုံ ပါတီတို့ ပါဝင်ဖွဲ့စည်းသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကို ပြည်လည်ဖွဲ့စည်းသည်. စက်တင်ဘာ ၃ ရက်တွင် ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်ကြီး စောစံဘိုးသင်၊ ဗိုလ်မှူးရဲထွက်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည့် နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာကြသည်။ စက်တင်ဘာ ၇ရက်တွင် ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်ကြီးစောစံဘိုးသင်၊ ဒုဗိုလ် သိန်းဆွေ၊ ဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ်မှူးရဲထွက်တို့နှင့်အတူ ပုသိမ်ခရိုင် ကန်ကြီးထောင့်ရွာသို့ ခရီးထွက်ကြသည်။

၁၉၄၇။ ။ ဇန်န၀ါရီ ၂ရက်တွင် သခင်မြ၊ ဦးတင်ထွတ်တို့နှင့် အတူ ဘိလပ်သို့ သွားသည်။ ဇန်န၀ါရီ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဒေလီရေဒီယိုမှ ဗမာပြည်သို့ ဟူသော မှာကြားချက် မိန့်ခွန်းကို အသံလွှင့်သည်။ အာရှညီညွတ်ရေးသို့ ဟူသော ဗိုလ်ချုပ်အသံသွင်း မိန့်ခွန်းကိုလည်း ထိုနေ့ည ၈ နာရီခွဲအချိန်တွင် ဒေလီရေဒီယိုမှ အသံလွှင့်သည်။ ဇန်န၀ါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ ခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ ၀န်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။ ဇန်န၀ါရီ ၂၈ ရက်တွင် အောင်ဆန်း အက်တလီစာချုပ်အား လက်မှတ်ထိုးသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန် ပြန်ရောက်သည်။ ဖေဖော်ဝါရီ ၈ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ သွားရောက်သည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် လက်မှတ် ရေးထိုးသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော မြို့တော်ဝန်၏ ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၀ ရက်နေ့တွင် ဗမာပြည် အင်္ဂလိပ် ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ လေကြောင်းခရီးဖြင့် မြိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့များသို့ ခရီးထွက်သည်။ မတ်လ ၁၇ရက်နေ့ ညနေ၄နာရီအချိန်တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံတွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၂၀ ရက်နေ့တွင် ကျောက်ဆည်နှင့် မန္တလေးမြို့များတွင် တရားဟောသည်။
1947 ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်သို့သွားစဉ်ြှဗိတိသျှ ၀န်ကြီးချုပ် အက်တလီနှင့် Video မှတ်တမ်း
မတ်လ ၂၁ စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ် ၂၃ ရက် ညောင်ဦးမြို့တွင် တရားဟောသည်။ မတ်လ ၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ ၂၅ ရက် တွင် နတ်မောက်မြို့တွင် တရားဟောသည်။ မတ်လ ၂၇ ရက် အာလံ (အောင်လံ) တွင် တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန် ပြန်ရောက်သည်။ ဧပြီလ ၁ ရက်တွင် လေယာဉ်ဖြင့် စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေတပ်မတော်မှ စစ်သင်္ဘောဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့တွင် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနားမြို့များတွင် တရားဟောသည်။ ဧပြီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း၊ ရမည်းသင်းမြို့များတွင် တရားဟောသည်။ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့် အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလ အဖွဲ့သည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေလယ် ၂ နာရီတွင် ဗီယက်နမ် နိုင်ငံကိုယ်စားလှယ် ပါမောက္ခ ရန်ပင်လော့နှင့် တွေ့ဆုံသည်။ ဧပြီလ ၁၇ရက် နေ့လည် ၁ နာရီတွင် ကန်တော်ကြီးစောင်း အိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့် ဗီယက်နမ်အစိုးရ ကိုယ်စားလှယ်တော်များ ဧည့်ခံပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၁၈ ရက်နေ့တွင် နှစ်သစ်ကူး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။
မေလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်နေအိမ်၌ ဖဆပလ ကိုယ်စားလှယ်များ ဆိုရှယ်လစ် ကိုယ်စားလှယ်များ၊ ပရသဖ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး နယ်များတွင် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်များ မသင့်တင့်သည့် ကိစ္စများဖြေရှင်းပေးသည်။ မေလ ၆ ရက်နေ့ည ၈နာရီတွင် ပြည်လမ်း ပဲခူးကလပ်၌ မျက်နှာဖြူ ကုန်သည်ကြီးများ နှင့် ဆွေးနွေးသည်။ မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပသျူးအစိုးရ ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စတာ ဂျာဇန်ဇူလေမန်တို့ကို လက်ဖက်ရည်ပွဲနှင့် ဧည့်ခံသည်။ မေလ ၁၀ရက်နေ့ ညနေ ၃နာရီအချိန်တွင် သတင်းစာဆရာများကို အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ၀န်ကြီးအဖွဲ့မှ ထုတ်ပယ်သည့်ကိစ္စနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြသည်။ မေလ ၁၂ရက်နေ့ည ၈နာရီတွင် အမေရိကန် သံအမတ် မစ္စတာ ပက်ကာ၏ နေအိမ်တွင် ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်သည်။ မေလ ၁၇ ရက်နေ့တွင် ယိုးဒယားဘုရင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီး ချန်ဘောနှင့် သမီးတော အာစီ မင်းသမီးတို့ကို တာဝါလိန်းနေအိမ်၌ ညစာဖြင့် ဧည့်ခံကျွေးမွေးသည်။ မေလ ၁၉ ရက်နေ့တွင် ဖဆပလ ပဏာမ ညီလာခံ ကျင်းပသည်။ မေလ ၂၅ ရက်နေ့တွင် ဗြိတိသျှရေတပ်မှ စစ်သင်္ဘော H.M.S FALE (ယခုစစ်ရေယာဉ် မေယု) အား ရေတပ်လက်ထောက် ဗိုလ်ချုပ် မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါ သင်္ဘောပေါ်၌ပင် လက်ခံသည်။ မေလ ၃၀ ရက်နေ့တွင် သတင်းစာ ကွန့်ဖရန့်ပြုလုပ်သည်။ ဇွန်လ ၁၆ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ အခြေခံဥပဒေနှင့် ပတ်သတ်သည့် လမ်းညွှန်ပြဌာန်းချက်ကို တင်သွင်းသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ဗမာပြည်ရှိ အိန္ဒိယ ငဋိညာဉ်ခံ ၀န်ထမ်းများ (I.C.S) နှင့် တွေ့ဆုံ ဆွေးနွေးသည်။ ဇူလိုင်လ ၁၃ရက် တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေပြီး လူထုသို့ မိန့်ခွန်းပြောကြားသည်။ ထိုမိန့်ခွန်းသည် နောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့သည်။

ပြီးပါပြီ။ PDF နှင့်လိုချင်သူများ  ဒီမှာ ဒေါင်းပါ။  
ဗိုလ်ချုပ်ရဲ့မိန့်ခွန်း နားထောင်လိုသူများ  ဒီမှာ သွားပါ။ အွန်လိုင်း မှာနား  ထောင်လို့ရသလို   ဒေါင်းလော့ချလို့လည်း ရပါတယ်။  
ဒါကတော့ ကျွန်တော်စုထားတဲ့ ဗိုလ်ချုပ်ရဲ့ ပုံရိပ်တွေပါ။  ဒီမှာ ဒေါင်းပါ။ 

ကဲ အွန်လို်င်းမှာ  ဗိုလ်ချုပ်ပုံရိပ်တွေကို ကြည့်ချင်သူများအတွက် တင်ပြပေးထားပါတယ်။ 



















































တန်ဖိုးထားတတ်မယ်ဆိုရင် ဘယ်အရာမဆို တန်ဖိုးရှိတဲ့ အရာချည်းပါ။



အားလုံးကိုလေးစားလျက်......

1 comment:

  1. Anonymous6:50 AM

    Heya! I realize this is somewhat off-topic however I needed to ask.
    Does managing a well-established blog such as yours require
    a lot of work? I am brand new to blogging however I do write in my diary everyday.

    I'd like to start a blog so I can share my personal experience and feelings online. Please let me know if you have any kind of ideas or tips for brand new aspiring bloggers. Thankyou!

    Feel free to surf to my web page: ford ranger

    ReplyDelete