Pages

Sunday, December 18

ဘောလုံးကို ခေါင်းဖြင့် တိုက်ခြင်း ဦးနှောက်ကို ဒဏ်ရာရစေနိုင်


ကမ္ဘာ့အကျော်ကြားဆုံး အားကစားနည်းဖြစ်သည့် ဘောလုံးကစားခြင်းတွင် ဘောလုံးအား ဦးခေါင်းဖြင့်တိုက်သည်မှာ မဖြစ်မနေ ပါဝင် ရသည့် အရာပင်ဖြစ်သည်။ သို့သော်လည်း အမေရိကန်ပညာရှင်များ၏ နောက်ဆုံးလေ့လာ တွေ့ရှိချက်များအရ ဘောလုံးအား ဦးခေါင်းဖြင့်တိုက်ခြင်းသည် တစ်နေ့လျှင် အကြိမ်အနည်းငယ်သာ ဖြစ်စေကာမူ ဦးနှောက်အား ဒဏ်ရာရရှိစေနိုင်ကြောင်း သိရှိရသည်။
အမေရိကန်ပညာရှင်များသည် နောက်ဆုံးပေါ် ဓာတ်မှန်ကိရိယာများ (MRI) ကို အသုံးပြုကာ အပျော်တမ်း ဘောလုံးသမား ၃၈ ဦးအား ပြီးခဲ့သည့်နှစ်အတွင်း ယင်းတို့ ဘောလုံးကစားစဉ် ခေါင်းတိုက်မှု အရေအတွက်ကို တွက်ချက်ကာ လေ့လာခဲ့ခြင်းဖြစ်သည်။ဘောလုံးကစားစဉ် ခေါင်းတိုက်မှု အများအပြား ပြုလုပ်ခဲ့သည့် ကစားသမားများ၏ ဦးနှောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး အဆိုပါဒဏ်ရာများသည် ဦးခေါင်းခွံ ထိခိုက်မှုကြောင့် ရရှိသော ဒဏ်ရာများနှင့် ဆင်တူကြောင်း သိရှိရသည်။ နူးယောက်မြို့ရှိ Albert Einstein တက္ကသိုလ် ဆေးပညာဌာန၏ တွေ့ရှိချက်အရ ဘောလုံးအား တစ်နှစ်လျှင် အကြိမ် ၁၀၀၀ မှ ၁၅၀၀ အတွင်း ခေါင်း​ဖြင့် တိုက်ပါက ဦးနှောက်အား “ပြင်းထန်သော” ဒဏ်ရာများ ရရှိစေနိုင်သည်ဟု သိရှိရသည်။
ဘောလုံးအား ခေါင်းဖြင့်တိုက်ခြင်းသည် ဦးနှောက်တွင်းရှိ နာဗ့်ကြောများကို ထိခိုက်စေနိုင်လောက်သည်အထိ မပြင်းထန်သော်လည်း အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်ပါက ဦးနှောက်ဆဲလ်များကို ယိုယွင်းပျက်စီးစေနိုင်ကြောင်း သိရှိရသည်။ သီးခြားစမ်းသပ်မှုများမှ တွေ့ရှိချက်များအရ ဘောလုံးအား ခေါင်းဖြင့်ကြိမ်ဖန်များစွာ တိုက်ခဲ့သူများသည် မှတ်ဉာဏ်စွမ်းအားနှင့် မျက်လုံး-လက် တူညီဆောင်ရွက်မှုများကို လျော့နည်းစေနိုင်ကြောင်း သိရှိရသည်။
အထက်ဖော်ပြပါ စမ်းသပ်တွေ့ရှိမှုများအရ ဘောလုံးကစားရာတွင် ဦးခေါင်းဖြင့် ထပ်ခါတလဲလဲ တိုက်ခြင်းဖြင့် ဦးနှောက်ကို ထိခိုက်​စေနိုင်သလို မှတ်ဉာဏ်စွမ်းအားလည်း ကျဆင်းစေနိုင်ကြောင်း သက်သေပြလျှက်ရှိသည်။ 

အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment