Pages

Wednesday, December 28

အနောက်တိုင်း ချစ်ရေးဆိုနည်းများ


အနောက်တိုင်းမှာ ကိုယ့်ချစ်သူကို လက်ထပ်ခွင့်ပန်တော့မယ်ဆိုရင် အမျိုးသားတွေဟာ တန်ဖိုးထားပြီး ထူးထူးခြားခြားဖြစ်အောင် ပြုလုပ်ပြီး လက်ထပ်ခွင့်ပန်လေ့ ရှိကြပါတယ်။ တချို့ကတော့ စေ့စပ်လက်စွပ်ကိုတောင် ထူးထူးခြားခြားလေး လုပ်ပြီးတော့မှ ချစ်ခွင့်ပန်ကြပါတယ်။ တွမ်ခရုစ်ဆိုရင် နာမည်ကျော် အီဖယ်မျှော်စင်မှာ ကေတီဟုမ်းကို ဒူးထောက်ပြီး စေ့စပ်လက်စွပ် ပေးခဲ့တာ ဖြစ်ပါတယ်။ တခြားသော ယောက်ျားတွေလည်း သူတို့တတ်နိုင်သမျှ ထူးခြားနိုင်သမျှ ထူးခြားဆန်းသစ်တဲ့ နည်းတွေနဲ့ သူတို့ချစ်သူတွေကို ချစ်ခွင့်၊ လက်ထပ်ခွင့် ပန်ကြပါတယ်။ ပရိသတ်ကြီးလည်း ကိုယ့်ချစ်သူကို အောက်က နည်းလေးတွေနဲ့ ချစ်ခွင့်ပန်မယ်ဆိုရင် ပန်လို့ရအောင်ဖော်ပြလိုက်ပါတယ်။

နှင်းဆီ
ကိုယ့်ချစ်သူကို စားသောက်ဆိုင်တစ်ခု ခေါ်သွားပြီး ကျွေးမွေးဧည့်ခံပါ။ စားသောက်ဆိုင်က ၀ိတ်တာနဲ့ ကြိုညှိထားပါ။ ကိုယ့်ချစ်သူလာတာနဲ့ ၀ိတ်တာကို ဘောက်စ်လေးတစ်ဘူး လာပေးခိုင်းဖို့ ကြိုပြောထားပါ။ ဘောက်စ်ထဲမှာ နှင်းဆီပန်းတွေ အမြောက်အများ ထည့်ထားပါ။ နှင်းဆီပန်းထဲမှာမှ လက်ထပ်လက်စွပ်လေး ထည့်ထားပေးပါ။ ချစ်သူက ဘူးဖွင့်လို့ နှင်းဆီပန်းတွေနဲ့အတူ လက်ထပ်လက်စွပ်လေးကို မြင်တဲ့အခါ လက်ထပ်ခွင့်ပန်လိုက်ပါ။ နောက်တစ်နည်းကတော့ ချစ်သူကို နှင်းဆီပန်းသုံးပွင့် ပေးပါ။ တစ်ပွင့်ကတော့ ကိုယ်ရဲ့အတိတ်အတွက် ပေးတာဖြစ်တယ်။ ဒုတိယတစ်ပွင့်ကတော့ ကိုယ်ရဲ့ပစ္စုပ္ပန်ကို ကိုယ်စားပြုပါတယ်။ တတိယတစ်ပွင့်ကတော့ ကိုယ့်ရဲ့အနာဂတ်အတွက် ကိုယ်စားပြုပါတယ် ဆိုပြီး ချစ်သူကို လက်ထပ်ခွင့်ပန်ပါ။ တတိယမြောက် နှင်းဆီကို ပေးတဲ့အချိန်မှာ ဒူးထောက်ပြီး ချစ်သူလက်ကို လက်စွပ်ဝတ်ပေးပြီး လက်ထပ်ခွင့်ပန်ချင်လည်း ပန်နိုင်ပါတယ်။

ပို့စာ

ချစ်သူကို စာတိုက်ကနေတစ်ဆင့် ဖြစ်စေ၊ အင်တာနက်မေးလ်ကနေ တစ်ဆင့်ဖြစ်စေ မနက်အစောကြီး မေးလ်ပို့လိုက်ပါ။ ချစ်သူဆီသွားပြီး မေးလ်စစ်ပြီးပြီလား မေးပါ။ မစစ်ရသေးရင် စစ်ဖို့ပြောပါ။ ဒါမှမဟုတ် စာတိုက်ကနေ ဆိုရင် စာတိုက်ကနေ ရောက်မယ့် အချိန်မတိုင်ခင် ချစ်သူဆီသွားပြီး စောင့်နေပါ။ စာတိုက်ကနေ ရောက်လာမယ့် အချိန်မှာ ကိုယ်က လက်ထက်လက်စွပ် အသင့်ကိုင်ပြီး ချစ်သူကို ချစ်ခွင့်ပန်ဖို့လုပ်ပါ။ နောက်တစ်နည်းကတော့ ချစ်သူကို စာတိုက်ကနေဖြစ်စေ၊ မြို့တွင်းပို့ဆောင်ရေး အေဂျင်စီတစ်ခုကနေ ဖြစ်စေ ဘူးအကြီးကြီး ပို့လိုက်ပါ။ ဘူးပေါ်မှာ “သေတ္တာထဲမှာပါတဲ့ လက်ဆောင်ဟာ တစ်ဘ၀စာအတွက်ပါ” ဆိုပြီး စာကပ်ထားပါ။ အထဲမှာ လက်ထပ်လက်စွပ်လေးထည့်ပြီး ချစ်သူဆီကို ပို့လိုက်ပါ။

ပုလင်းစာ

ချစ်သူနဲ့အတူ ကမ်းခြေတစ်ခုကို သွားပါ။ ကိုယ့်ဆီမှာ ချစ်သူမသိအောင် ပုလင်းတစ်ခုထဲမှာ လက်ထပ်လက်စွပ်လေး ထည့်ပြီး ချစ်သူနဲ့အတူ လမ်းလျှောက်ထွက်ပါ။ ညနေခင်း အချိန်ဖြစ်ဖြစ်၊ မနက်အစောကြီး ဖြစ်ဖြစ် လမ်းလျှောက်ထွက်ပါ။ လမ်းလျှောက်ထွက်နေရင်း ချစ်သူမသိအောင် တစ်နေရာရာမှာ ပုလင်းကို ချထားခဲ့ပါ။ ဒါမှမဟုတ် ချစ်သူနဲ့ လမ်းမလျှောက်ခင် ကြိုပြီးတော့ တစ်နေရာမှာ ပုလင်းကို ထားခဲ့ပါ။ ပြီးတော့မှ အမှတ်တမဲ့ တွေ့တဲ့ပုံစံလုပ်ပြီး ချစ်သူကို လက်ထပ်ခွင့်ပန်ပါ။

တိုင်းသိပြည်သိ

တကယ်လို့ ချစ်သူဟာ ရေဒီယိုနားထောင်ရတာ နှစ်ခြိုက်တတ်သူတစ်ယောက် ဖြစ်မယ်ဆိုရင် ချစ်သူကြိုက်တဲ့ အစီအစဉ်မလာခင်မှာ ရေဒီယိုဌာနကို သွားပြီး ချစ်သူကို လက်ထပ်ခွင့် တောင်းတဲ့အကြောင်း အသံလွှင့်ပေးပါလို့ ပြောပါ။ ပြီးတော့မှ ချစ်သူနဲ့အတူ ရေဒီယိုအစီအစဉ် နားထောင်ရင်း ချစ်သူကို လက်ထပ်ခွင့်ပန်ပါ။ နောက်တစ်နည်းကတော့ ကိုယ့်ချစ်သူ အမြဲဖတ်တဲ့ ဂျာနယ်၊ သတင်းစာထဲကနေ စာမျက်နှာပြည့် ကြော်ငြာပြီး ချစ်ခွင့်ပန်တာပဲ ဖြစ်ပါတယ်။ အစားအစာ အချစ်ကား၊ ဒရာမာ ကားတွေထဲမှာ မကြာခဏ ချစ်သူကို အစားအသောက်ထဲ ထည့်ပြီး လက်ထပ် လက်စွပ်လေး ထည့်ထားတတ်ကြပါတယ်။ ချစ်သူက အစာစားရင်းနဲ့ ၀ါးမိတော့မှ တွေ့ပြီး အံ့သြ၀မ်းသာ ဖြစ်တဲ့ပုံကို မကြာခဏ ရိုက်ကူးတတ်ကြပါတယ်။ အမှန်တော့ အစားအစာထဲထည့်တာ မတော်ရင် မျိုချမိနိုင်ပါတယ်။ မမျိုချမိရင်တောင် သွားနဲ့ကိုက်ပြီး သွားနာ၊ သွားကျင်နိုင်ပါတယ်။ ဒါကြောင့် ချစ်သူစားမယ့် အစားအစာထဲ ထည့်ပြီး လက်ထပ်ခွင့်ပန်ချင်တယ်ဆိုရင် ဘူးသေးလေး တစ်ဘူးထဲထည့်ပြီး ချစ်သူကိုကျွေးတာက ပိုပြီးတော့ ချစ်သူအတွက် အဆင်ပြေနိုင်ပါတယ်။

စားသောက်ဆိုင်

စားသောက်ဆိုင်မှာ ချစ်သူကိုခေါ်သွားပြီး ကိတ်မုန့်တစ်ခု ကျွေးပါ။ ကိတ်မုန့်ကို အထူး သီးသန့် အော်ဒါမှာပြီး လုပ်ခိုင်းထားပါ။ ကိတ်မုန့်ပေါ်မှာ `ကိုယ့်ကို လက်ထပ်ခွင့်ပြုပါ´ ဆိုတဲ့ စာသားလေး ထည့်ခိုင်းထားပါ။ ကိတ်မုန့်ကို ချောကလက်ကိတ်မုန့်ဆို ပိုပြီးတော့ ကောင်းပါတယ်။ နောက်တစ်နည်းကတော့ စားသောက်ဆိုင်ကို ခေါ်သွားပြီး ဘူးလေးတစ်ဘူး လက်ဆောင်ပေးပါ။ အဲဒီဘူးထဲမှာ ချစ်သူမဖြစ်ခင် စတွေ့တဲ့ အချိန်ကစပြီး ချစ်သူသက်တမ်းတစ်လျှောက် ဖြစ်ခဲ့တဲ့ အမှတ်တရတွေကို စုစည်းပြီး ရေးထားပါ။ ပြီးတော့ ပုံလေးတွေ ထည့်ထားပေးပါ။ အောက်ဆုံးမှာ လက်ထပ်လက်စွပ်လေးပါ ထည့်ပြီး လက်ထပ်ခွင့်ပန်ပါ။ ဒါမှမဟုတ် စာအုပ်တစ်အုပ်ထဲမှာ အမှတ်တရတွေအားလုံး စုစည်းပြီး ရေးထားပါ။ ပုံတွေပါ စာအုပ်ထဲမှာ ကပ်ထားပေးပါ။ စာအုပ်ရဲ့ နောက်ဆုံးမှာ လက်ထပ်လက်စွပ်လေးကို ကပ်ထားပြီး ချစ်ခွင့်ပန်ပါ။

ဒရာမာရိုက်ခြင်း

ချစ်သူကို တစ်နေရာခေါ်သွားပါ။ ရှုခင်းကောင်းတဲ့ နေရာပဲဖြစ်ဖြစ်၊ ချစ်သူကြိုက်တဲ့ နေရာပဲဖြစ်ဖြစ် ခေါ်သွားပါ။ လူရှင်းတဲ့ နေရာရောက်မှ ချစ်သူနဲ့ ဘေးခြင်းယှဉ်ရပ်ပြီး မိနစ်အတော်ကြာအောင် ရပ်နေပါ။ ပြီးတော့မှ ချစ်သူလက်ကိုဆွဲပြီး “ကိုယ်ဟာ မင်းအတွက်အသက်ရှင်သန်ခဲ့ရတာပါ။ ကိုယ့်ဘ၀ဟာ ပြီးပြည့်စုံဖို့ တစ်ဝက် လိုနေပါသေးတယ်။ ကိုယ်ဖြတ်သန်း ရှင်သန်ခဲ့ရတဲ့ ဘ၀လမ်းကို ရှေ့ဆက်ပြီး လျှောက်ဖို့အတွက် မင်းရှိမှ ပြီးပြည့်စုံလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကို မေတ္တာမိုးစွေလို့ လက်ထပ်ခွင့် ပြုပါလားကွယ်” ဆိုပြီး ခွင့်ပန်ပါ။ ဒီနည်းတွေဟာ အနောက်တိုင်းနည်းတွေ ဖြစ်ပေမယ့် ကိုယ်ရဲ့ချစ်သူနဲ့ ပတ်သက်ပြီးတော့လည်း လိုက်လျောညီထွေ အသုံးချနိုင်တဲ့ နည်းတွေဖြစ်တာကြောင့် ဖော်ပြလိုက်ရပါတယ်။ ချစ်သူအပေါင်း ပြုံးပန်းဝေလို့ မေတ္တာမိုးများ လှိုင်ကြပါစေသား။

နွေဦးအိမ်

2 comments:

  1.ိမိုး10:49 AM

    ကျွန်မရဲ့ချစ်သူကတော့ အဲလိုမျိုးချစ်ခွင့်ပန်ဖို့နေနေသာ ချစ်သူသက်တမ်းပြည့်နေ့တွေမှာညစာအတူစားချင်တာကိုတောင် အပိုလုပ်တယ်လို့ထင်နေသူပါ၊။ဒီလိုကဗျာဆန်ဆန်လေးအံ့သြဝမ်းသာအောင်လုပ်များပေးလိုက်ရင်ကျွန်မသိပ်ပျော်မိမှာ သူအခုထိမသိရှာဘူး

    ReplyDelete
  2. Anonymous11:54 PM

    now i know that.

    ReplyDelete