Pages

Wednesday, December 14

ပန်းလှူခြင်း အကျိုး


လောကမှာရှိတဲ့ လူသားတိုင်းလိုလို မိမိရရှိတဲ့ဘဝလေးမှာ မည်သူမဆို ရုပ်ချောချင်ကြတယ်။ ဥစ္စာပေါချင်ကြတယ်။ပညာတတ်ချင်ကြတယ်။ အမျိုးမြတ်ချင်ကြတယ်။သြဇာအာဏာ ကြီးမားချင်ကြတယ်။ ဒါပေမယ့် အကြောင်းမရှိဘဲ အကျိုးမဖြစ်ဆိုသလို ထိုထိုသောအကျိုးတရားများရဖို့ ပေးဆပ်မှု အကြောင်း တရားကတော့ မုချရှိရမည်ဖြစ်ပါတယ်။ ထိုအထဲမှ ဖြစ်လေရာဘဝတိုင်းမှာရုပ်ရည်ချောမောလှပဖို့ အကြောင်းလေးတစ်ခုကို ရေးသားလိုက်ပါတယ်။

၁။လှပသန့်ရှင်းသော ရုပ်အဆင်းအင်္ဂါရှိခြင်း။
၂။သင်းပျံ့မွှေးကြိုင် သော ကိုယ်ရနံ့ရှိခြင်း။
၃။နတ်လူတို့ချစ်ခင်မြတ်နိုးခြင်း။
၎။ကျော်စောသတင်းပျံ့နှံ့ခြင်း။
၅။ကိုယ်စိတ်ချမ်းသာရွှင်လန်းခြင်း။
(ဆောင်)။ ။လှပသန့်ရှင်း၊မွှေးပျံ့သင်း၊သတင်းကျော်စောပါ။

လူ နတ်ချစ်ခင်၊ကိုယ်စိတ်ရွှင်၊ငါးအင် ပန်းကျိုးမှာ။ ဆိုတဲ့ ပန်းအလှူကျိုး ၅-မျိုးရှိပါတယ်။ ပန်းလှူမယ်ဆိုရင် ထိုအကျိုးငါးမျိုးလုံးကို ရရှိခံစား စံစားရမှာဖြစ်ပြီး နောက်ဆုံးဘဝမှာ အို၊နာ၊သေကင်းတဲ့ နိဗ္ဗာန်သို့ရောက် ကြောင်း အထောက်အပံ့ကောင်းလဲ ဖြစ်တယ်ဆိုတဲ့အကြောင်းကို သိစေချင်ပါတယ်။သံသရာဘေးကို ရှုလေ့ရှိကြတဲ့ စေတနာရှင်အပေါင်းတို့ ဒါနကောင်းမှု၏ အရင်းသည်လျှင် စင်စစ်အကျိုးကို ပေးတတ်ပါတယ်။ ယုံကြည်ခြင်းနှင့်တကွ သဒ္ဓါကောင်းသည်ကို အရင်ထား၍ စေတနာသုံးပါးနှင့်ကြိုးစား သော သူတို့၏ အလှူဟာအနည်းငယ်ပင်ဖြစ်သော်လည်း ကာလမခြား များစွာသော အကျိုးပေးတတ်ပါ တယ်။ အလှူဒါန ပြုလေ့ရှိကြတဲ့ စေတနာရှင်များဟာ စုတေသောအခါ နောက်ဘဝတွေ နတ်ရွာသုဂတိသို့ လာရကြောင်း ကောင်းသော ဥပနိဿယဖြစ်ပါတယ်။မြတ်စွာဘုရားကလည်း “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ”ရယ်လို့ ဟောတော်မူခဲ့လေတယ်။ချစ်သားတို့ စေတနာဟာ “ကံ”ပါပဲတဲ့။ တစ်ချို့ကပြောကြပါတယ်။ စေတနာကောင်းမှ ကံကောင်းတယ်။စေတနာပေါက်မှ ကံထောက်တယ်လို့ ပြောကြတယ်။ စေတနာထက်သန်က နိဗ္ဗာန်၏ အဆောက်အဦးဟူ၍လည်း အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။စေတနာကို ယုံကြည်ပြီး ဘုရားသွားခြင်း၊ ကျောင်းတက်ခြင်း၊ အလှူပေးခြင်း ၊ဆွမ်းရေချမ်းကပ်ခြင်း၊ ပန်းတစ်ပွင့် သစ်သီးတစ်လုံး၊ ဆီမီးတစ်ခွက်၊ ဖယောင်းတစ်တိုင်၊ ဝေမြိုင်ဖြိုးမောက် ပေါက်ပေါက်ဆန်ပန်း ပူဇော်မည်ဆိုပါကလည်း ရနိုင်သည်သာဖြစ်ပါတယ်။ပန်းအလှူကို လှူဖူးတဲ့အတွက်ကြောင့် သုံးမျိုးသော လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရခဲ့တဲ့ သာဓကတွေရှိပါတယ်။
သာဓက ပြရရင်တော့ မြတ်စွာဘုရား သာသနာမှာ စိတ္တာထေရီမဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီစိတ္တာထေရီမ၏ အလောင်းအလျာဟာ(၉၁)ကမ္ဘာထက်က စန္ဒဘာဂမြစ်နားမှာ ကိန္တွရီမဖြစ်ဖူးပါတယ်။ တစ်နေ့သောအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါး သစ်ပင်ရင်းမှာ သီတင်းသုံးတော်မူနေသည်ကို အလွန်ကြည်ညိုပြီး ပန်းတို့ကို လှူဒါန်းကာ လက်အုပ်ချီပြီး ရိုသေစွာ ရှိခိုးပါတယ်။ထိုကိန္တွရီမသည် ပန်းဒါနကို လှူပြီး၍ ကိန္တွရီဘဝမှ စုတေသွားတဲ့အခါမှာ တာဝတိံသာနတ်ပြည်မှာ သိကြားမင်း မိဖုရားဖြစ်ပြီး နှစ်သက်သော စည်းစိမ်ဖြင့် (၃၄)ကြိမ်၊ နောက်တစ်ခါ စကြာဝတေးမင်း မိဖုရား ဖြစ်ပြီး စည်းစိမ်ခံစားရသည်က(၁၀)ကြိမ် ဖြစ်ရပါတယ်။
ဤကဲ့သို့ နှစ်သက်စွာ ခံစား စံစားပြီး ဂေါတမမြတ်စွာဘုရားလက်ထက်တော်မှာ ရာဇဂြိုလ်ပြည်၌ သုံးဆောင် ၍ မကုန်နိုင်သော ဘောဂဥစ္စာ ရတနာတို့နှင့် များစွာတင့်တယ်သော သူကြွယ်သမီးဖြစ်ရပါတယ်။အရွယ်သို့ ရောက်တဲ့အခါမှာ မြတ်စွာဘုရားကို မြင်လျှင် အလွန်ပင်ကြည်ညိုခြင်းဖြစ်ပြီးသကာလ မဟာပဇာပတိ     ဂေါတမီအထံမှာ ဘိက္ခုနီမပြုလုပ်ပြီးနောက် ဂိဇ္ဈကုဋ်တောင်ပေါ်သို့တက်ပြီး ရဟန်းတရားကို အားထုတ် တော်မူတဲ့အခါမှာ ရဟန္တာထေရီမ ဖြစ်သွားခဲ့ပါတယ်လို့ ထေရီအပါဒါန်ကျမ်းမှာ ဆိုပါတယ်။ထိုစိတ္တာထေရီမ၏ အကြောင်းအရာကို နှလုံးသွင်းပြီး ကောင်းမြတ်ခြင်းကို အလိုရှိကြတဲ့ စေတနာရှင် အပေါင်းတို့မှာ ပန်းဒါနကြောင့် မြင့်မြတ်သော ချမ်းသာကို ရခဲ့ဖူးတဲ့  စိတ္တထေရီမ၏ အကျိုးများပုံကို အတုယူပြီး ဗုဒ္ဓ၏ ကိုယ်စား ဓာတ်တော်မွေတော်စေတီ ပုထိုးတော်တို့အား သဒ္ဓါပွားသည်နှင့် လျော်စွာ ပန်းမွေ့ယာ၊ပန်းတံခွန်၊ ပန်းထီး အသီးသီးသော ပန်းအလှူဒါနကို လှူဒါန်းပူဇော်လိုက်မည်ဆိုလျှင်(ရူပ ဒါန) အဆင်းကိုပေးလှူခြင်းမည်ပါတယ်။ ဂန္ဓာရုံဟုဆိုအပ်သော အခိုးအထုံ အမွှေးနံ့သာရည် နံ့သာပြောင်းတို့ဖြင့် သွေးလိမ်းကျံ၍ မွမ်းမံခြယ်လှယ် တင့်တယ်စေခြင်းဟု ဆိုအပ်သောကြောင့် ဂန္ဓဒါနကို ပူဇော်သည်လည်း မည်ပါတယ်။ထိုရူပ(အဆင်းအလှူ)၊ ဂန္ဓ(အမွှေးနံ့သာအလှူ)၏ အကျိုးဆက်ကြောင့် ဘဝအဆက်ဆက် နှစ်သက်စဖွယ် နုနယ်ချောမော အံ့သြမခန်း ချီးမွမ်းမကုန် ပြည့်စုံအနံ့ သင်းပျံ့သည့်အားလျော်စွာ နောက်ဆုံး အေးငြိမ်းတဲံ သန္တသုခ နိဗ္ဗာန်ရွှေပြည်မြတ်သို့ လာရောက်နိုင်တယ်ဆိုတဲ့အကြောင်း အသိပေးရေးသားလိုက်ရပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့မှာလည်းလာရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

1 comment:

  1. ပန်းလှူခြင်းအကျိုးလေး မှတ်သားသွားပါတယ်..
    ကျေးဇူးအထူး..

    ReplyDelete